နေပြည်တော်၊ မတ် ၁၀
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှု များကို အချိန်မီရရှိကာ ကျန်းမာစွာ အသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ ဆေးကုသမှု အတွက် ကုန်ကျစရိတ် သက်သာခြင်းကြောင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ဖြစ်စေရန်အတွက်လည်းကောင်း၊ ရန်ကုန်/ မန္တလေး/ နေပြည်တော်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှု အစီအစဉ်များကို ဆောင်ရွက်လျက် ရှိသည်။
၂၀၂၄ ခုနှစ်၊ မတ် (၈) ရက်မှ (၁၀) ရက်အထိ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ သွားရောက်ကာ ပြည်သူ့ ဆေးရုံကြီး - ထားဝယ်မြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံ ပြည်သူများကို ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထူးကု ဆေးကုသရေးအစီအစဉ်တွင် နှလုံးရောဂါဆိုင်ရာလူနာ (၁၉၄) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၂၅၄) ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလူနာ (၁၉၅) ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၁၃၆) ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၂၃၅) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၃၇) ဦး၊ အထွေထွေရောဂါဆေးပညာ လူနာ (၂၇၉) ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ (၂၉) ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၈၀၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၄၃၁) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၉) ဦး၊ ကလေးရောဂါလူနာ (၁၇) ဦး၊ စုစုပေါင်းလူနာ (၂,၇၂၄) ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းနှင့် အနီးတဝိုက်ရှိ မြို့နယ် (၅) မြို့နယ်မှ ပြည်သူများလာရောက်ပြသကြသည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၃၃) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုခြင်း (OGDS) (၁၆) ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၄) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း (၁၀) ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၂၃) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၄၂၁) ဦး၊ ဓာတ်ခွဲ စမ်းသပ်ခြင်း (၅၈၂) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၉၀)၊ Ultrasound ရိုက်ကူးခြင်း (၂၆၂) ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၆၈၄) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကင်ဆာရောဂါဆိုင်ရာလူနာ (၁) ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ (၅) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာလူနာ (၉)ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာလူနာ (၃) ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြပြီး အထူးကု ဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကုသမှု ခံယူကြသူများကို တွေ့ဆုံနှုတ်ဆက်ကာ အာဟာရဒါန စားသောက်ဖွယ်ရာများနှင့် အထူးကုဆေးကုသရေး အစီအစဉ်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှု (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေး အစီအစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး ထားဝယ်မြို့ အပါအဝင် (၁၁) ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်