နေပြည်တော် နိုဝင်ဘာ ၁၅

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေး  စီမံချက်၏ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းမှ တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် အနာကြီးရောဂါ ကင်းဝေးရေးရည်မှန်းချက်ကို ၂၀၀၃ ခုနှစ်၌ ပြည့်မီနိုင်ခဲ့ကြောင်း၊ တနည်းအားဖြင့် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း (Prevalence Rate) ကို လူဦးရေတစ်သောင်းလျှင် တစ်ဦးအောက် လျော့နည်းအောင် လျှော့ချနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရောဂါကူးစက်မှု ရှိနေဆဲဖြစ်ပြီး အနာကြီးရောဂါလူနာသစ် (၂၀၀၀) ခန့် နှစ်စဉ်ရှာဖွေ တွေ့ရှိနေရဆဲဖြစ်ကြောင်း၊ သို့အတွက် အနာကြီးရောဂါ ပြန်လည်ဦးမော့မလာစေရေးအတွက် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း။

 

လူနာသစ်များတွင် ကိုယ်အင်္ဂါ ချို့ယွင်းမှုအဆင့်-၂ ရှိသူများ ပါဝင်နေသဖြင့် ကိုယ်အင်္ဂါချို့ ယွင်းမှုမဖြစ်မီ လူနာများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် လူနာသစ်ရှာဖွေရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လည်း လိုအပ်နေကြောင်း၊ လူနာသစ်များ ရှာဖွေဖော်ထုတ်၍  ဆေးဝါးကုသခြင်းလုပ်ငန်း (Leprosy Awareness Campaign) ကို ဆောင်ရွက်ခဲ့ရာ လွန်ခဲ့သော (၅) နှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာန (၂၀) တွင် စုစုပေါင်းလူနာသစ် (၇၂၆) ဦးကို ရှာဖွေဖော်ထုတ်ပြီး စောစီးစွာဆေးကုသပေးနိုင်ခဲ့ကြောင်း၊ ယနေ့ အစည်းအဝေးသည် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန်နှင့် အဆိုပါရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ    ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပညာ ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး) များ အဖွဲ့ခေါင်းဆောင် ဆရာဝန် (တီဘီ/အနာကြီး) များ၊ အနာကြီးရောဂါ စောင့်ရှောက်ရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဆိုပါ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်