နေပြည်တော် ဩဂုတ် ၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း မူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှု ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်း သက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများတင်သွင်းမှုကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျ စစ်ဆေးရန် လိုအပ်ပါကြောင်း။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲ စမ်းသပ် စစ်ဆေးပေးနိုင်ရန်စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါး ဓာတု ဓာတ်ခွဲခန်းများနှင့် အစားအသောက် ဓာတုာတ်ခွဲ ခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်း တိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ် ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၌ ဦးစီးဌာနတာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်း ဆေးပညာဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးရုံအုပ်ကြီးများ၊ စက်ရုံမှူး၊ တာဝန်ခံများနှင့် တွေ့ ဆုံပြီး (ဝဲပုံ) မြန်မာ့ တိုင်းရင်းဆေးကို ကမ္ဘာက အသိအမှတ်ပြုစေရန် မူပိုင်ခွင့်ရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်က ပါရဂူဘွဲ့ သင်တန်းဖွင့်လှစ်နိုင်ခြင်းသည် အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရရှိပြီးသော လုပ်ငန်းအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန်နှင့် အားနည်းချက်များကို ပြန်လည်ဆန်းစစ်ကာ ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


