နေပြည်တော် ဇွန် ၂၀
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းမှ အားကစားသမားများကို ယနေ့ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတက္ကသိုလ် ဘောလုံး အသင်းမှ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြနှင့် ဘောလုံးအားကစားသမားများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အားကစား အဆင့်အတန်း မြင့်မားခြင်းသည် နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးမှုကို ထင်ဟပ်စေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အားကစားကဏ္ဍ မြှင့်တင်ခြင်းကို အထူးအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် 2023 SEA Games တွင် အမျိုးသမီး ဘောလုံးအသင်း အပါအဝင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နိုင်ငံတော်မှ အားပေး ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ စသည်ဖြင့် ဘောလုံးအား ကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ ထိုသို့ ကျင်းပပေးခြင်းသည် မိမိတို့နိုင်ငံ၏ ဘောလုံးအားကစား အဆင့်အတန်း မြင့်မားရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။
ယခုကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးနှင့်ဆေးပညာနှီးနွယ် တက္ကသိုလ်များမှ ဘောလုံး အားကစားသမားများ ပါဝင်ကြမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု တက္ကသိုလ် ဘောလုံး အသင်းတစ်သင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ များအနေဖြင့် အားကစားနည်း အမျိုးမျိုးကို မိမိတို့ဝါသနာပါရာ နှစ်သက်ရာအလိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများမှ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ သက်ဆိုင်ရာ ဆေးပညာရပ်တွင် သာမက အားကစားတွင်ပါ ထူးချွန်သည့် ဘက်စုံတော်သော မျိုးဆက်သစ် များပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဆေးနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ဘောလုံး၊ ရေကူး၊ ဘတ်စကက်ဘော၊ ကြက်တောင် စသည့်အားကစားနည်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် တက္ကသိုလ်များအကြား ဘောလုံးပြိုင်ပွဲများ ပိုမိုဆောင် ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြီး ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြနှင့် ဘောလုံးအားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
၂၀၂၃ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၄ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်