ကျန်းမာရေးဝန်ကြီးဌာန၊ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်၊ ဧပြီ ၂၂

 

ကျန်းမာရေးဝန်ကြီးဌာန၊ ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ပေးရန်အတွက် ရာထူးတိုးမြှင့်ပေးခြင်းများကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း။

မိမိတို့ ရာထူးနှင့်ထိုက်တန်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အလျောက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများရှိမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်ချက်၊ စိန်ခေါ်မှုများရှိသည့်အတွက် တတ်စွမ်းသရွေ့ ကြိုးပမ်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လိုအပ်ချက်များကို နိုင်ငံ့သားကောင်းပီသစွာဖြင့် မိမိတို့၏ တစ်နိုင်တစ်ပိုင်စွမ်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင် အရည်အသွေး ပြည့်မီစေရန်အတွက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးသုတေသန၊ တိုင်းရင်းဆေးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးစသည့် လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ထမ်းများအတွက် စိတ်ချမ်းသာမှုရှိစေရန်နှင့် လုပ်ငန်းခွင် သာယာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က အပြည့်အဝ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင် စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါကအကျိုးရှိ နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့်ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုရာထူး တိုးမြှင့်ခံရသူများအပါအဝင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်ဆံနေရသည့် အဓိကကျသူများဖြစ်သောကြောင့် တိုင်းပြည်နှင့်ပြည်သူအတွက် အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးစေလိုပါကြောင်း။

မိမိတို့ကျန်းမာရေးဝန်ကြီး၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူအားလုံးသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ပြီး ရောဂါဘယများ ကင်းရှင်းစေရန်အတွက် မိမိတို့သင်ယူ တတ်မြောက်ထားသည့် ပညာစွမ်းအား၊ ကြုံတွေ့ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ မိမိတို့ကာကွယ် စောင့်ရှောက်ပေးရသည့် လူနာများအပေါ် ကိုယ်ချင်းစာတရား ထားရှိပြီး မေတ္တာစေတနာအပြည့်ဖြင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက် မှုများကို ထိထိ ရောက်ရောက် ပေးအပ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ရာထူးတိုးမြှင့် တာဝန်ပေးအပ်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများကို ရာထူးတိုးမြှင့်ခန့် အပ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယခုအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း (၁၆၀) ဦး၊ အမှုထမ်း (၄၇) ဦး စုစုပေါင်း (၂၀၇) ဦးကို ရာထူးတိုးမြှင့် တာဝန်ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn