နေပြည်တော်၊ စက်တင်ဘာ ၈

ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ လေ့ကျင့်ရေးခန်းမ (၃) ၌ ကျင်းပပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (က) အသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခ) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ဝန်ထမ်းမိသားစုများ လာရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (က) အသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခ) အသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (က) အသင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ခ) အသင်းကို အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရရှိသည့်အသင်းကို ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဒုတိယဆုနှင့် တတိယဆုရအသင်းများကို ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းကို ချီးမြှင့်ငွေများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်နိုင်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် စက်တင်ဘာ ၇ ရက်မှ ၈ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်