နေပြည်တော် ဖေဖော်ဝါရီ ၃

ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် ဝယ်ယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံးပရိ ဘောဂပစ္စည်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာအနေဖြင့် ဝန်ကြီးဌာနများ၏ အမှာစာများကို အပြည့်အဝထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရန်ပုံငွေများကို ကြိုတင် လျာထားတင်ပြတောင်းခံရကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများကို ဘဏ္ဍာနှစ်၏ ပထမ(၃)လ အတွင်း အမှာစာများကို ပေးပို့စေလိုကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်ရောင်းချပေးနိုင်မည့် ဆေးဝါးများစာရင်းကိုလည်း ယခုလ အတွင်းပေးပို့သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်ချက်အရ ထုတ်လုပ် ပေးစေလိုသည့် ဆေးဝါးများရှိပါကလည်း ထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အမှာစာဖြင့် မှာယူ ထားသည့် ဆေးဝါးများနှင့် ဆေရုံသုံးပရိဘောဂများနှင့်ပတ်သက်၍ လက်ခံရရှိမှု အခြေအနေ၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က ကျန်းမာ ရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးဝါးများနှင့်ပတ်သက်၍ ပေးပို့ပြီးနှင့် ပေးပို့ရန် ကျန်ရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမှတ်(၁)အကြီးစားစက်မှု လုပ်ငန်းမှ အထွေထွေမန်နေဂျာက ဆေးရုံသုံးပရိဘောဂများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားမှု၊ ပေးသွင်းပြီးနှင့် ပေးသွင်းရန်ကျန်ရှိမှု၊ ဆက်လက်ပေးသွင်း နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်