နေပြည်တော် စက်တင်ဘာ ၂၀

 

ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံး ပစ္စည်းများ၊ ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရင်မောင်ညွန့်၊ ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာနကြီးများ၏ အမှာစာများအရ ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများကို နှစ်စဉ်ထုတ်လုပ် ရောင်းချပေး လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာနသို့ အမှာစာများ နှစ်စဉ်တိုးမြှင့်ဝယ်ယူ လျက်ရှိပြီး ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာ နှစ်တွင် BPI ဆေးဝါးများအတွက် ကျပ်(၈၀ ဒသမ ၄၂၇)ဘီလီယံနှင့် ဆေးရုံသုံးပစ္စည်းနှင့် ပရိဘောဂများအတွက် ကျပ် (၉ ဒသမ ၈၃၄) ဘီလီယံ၊ စုစုပေါင်း ကျပ်(၉၀)ဘီလီယံခန့် ဖြစ်သည့်အတွက် ယခင်နှစ်များထက် များစွာပိုမိုလာသည်ကိုတွေ့ရှိရကြောင်း၊ ယခုလတ်တလော အခြေအနေတွင် ဖြစ်ပေါ်ခဲ့သည့် သဘာ‌ဝဘေးအန္တရာယ်များကြောင့် ရေဘေးသင့်ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်ကူပြု ဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူ များနှင့် အစိုးရဌာနများမှ လှူဒါန်းမှုများအတွက်  အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စက်မှုဝန်ကြီးဌာနမှ ပြည်သူများလိုအပ်သည့် အခြေခံဆေးဝါးများကို တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့် ဆေးဝါးကုန်ကြမ်းများကို ကြိုတင်ဝယ်ယူထားစေလိုကြောင်း၊ ယခင်မှာယူထားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကုသဆေးများ၊ ဓာတ်ဆားထုတ်များ၊ သွေးကြောသွင်းဆေးရည်များကို ဦးစားပေးထုတ်လုပ်ပေးစေလိုကြောင်း၊ ပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဆေးဝါးများစွာလိုအပ်သဖြင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုးကဲ့သို့သော ရောဂါများကုသသည့် ဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်စေလိုကြောင်း၊ ဆေးရုံတစ်ခု၏ အဆင့်အတန်းမြင့်မားစေရေး၊ အမြင်တင့် တယ်မှုရှိစေရေး တို့အတွက် ဆေးရုံသုံးပရိဘောဂပစ္စည်းများကို အဆင့်မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသဖြင့် စက်မှုဝန်ကြီး ဌာနမှထုတ်လုပ်သည့် အရည်အသွေးကောင်းမွန်သော ဆေးရုံသုံးပရိဘောဂပစ္စည်းများကို နှစ်စဉ်တိုးမြှင့် မှာယူလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုရန်လိုအပ်သည့် ဆေးဝါးများစာရင်းနှင့် ပရိဘောဂ စာရင်းများကို အချိန်မီပြုစုပေးပို့သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အမှတ်()အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မှာယူထားသည့် ဆေးရုံသုံး ပစ္စည်းများ၊ ပရိဘောဂများနှင့်ပတ်သက်၍ ထုတ်လုပ်ပြီးစီး၍ ပေးပို့ရန်စီမံဆောင်ရွက်နေမှု၊ ထုတ်လုပ်ရန် ကျန်ရှိနေမှု၊ ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးက မှာယူထားသည့်ဆေးဝါးများ ထုတ်လုပ်ပေးပို့ပြီးစီးမှု၊ ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပေးရန် ကျန်ရှိနေသည့် ဆေးဝါးများထုတ်လုပ်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဆေးဝါးများ၊ ဆေးရုံသုံး ပစ္စည်းများနှင့် ပရိဘောဂများမှာယူထားမှု၊ ရရှိမှု၊ ရရှိရန်ကျန်ရှိမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)