ဗန်းမော်၊   ၁၆  ဒီဇင်ဘာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှူးရုံးတွင် ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ဗန်းမော်မြို့မှ ရန်ကုန်မြို့သို့ ကျန်းမာရေးဝန်ထမ်းများအား ကူညီပို့ဆောင်ပေးခဲ့သည့် မော်တော်ယာဉ်အသင်းနှင့် ရွှေကူမြို့နယ်အတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ စေတနာ့ဝန် ထမ်းများအား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှူး ဦးဇော်မင်းလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဗန်းမော်ခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဖေက ရန်ကုန်တွင် လိုအပ်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား ပို့ဆောင်ပေးခဲ့သည့် မော်တော်ယာဉ်လိုင်းများနှင့် ကြိုဆိုပေးခဲ့သည့် မော်တော်ယာဉ်လိုင်းများအား ကျေးဇူးတင်ဂုဏ်ပြု ပါကြောင်း ရှင်းလင်းပြောကြားပြီး အသွားခရီးစဉ်နှင့် အပြန်ခရီးစဉ်တို့တွင် ပူးပေါင်းကူညီပေးခဲ့သည့် ယာဉ်လိုင်းများဖြစ်သည့် “တက်နေလင်း”ခရီးသည်တင် မော်တော်ယာဉ်အသင်းနှင့် “High Class” မော်တော်ယာဉ်အသင်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေကူမြို့နယ်အဝင် လမ်းလေးဆုံဂိတ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စောင့်ကြပ်စစ်ဆေးလျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများအား “မန်းစတား”နှင့် “ဗန်းမော်စတား”မော်တော်ယာဉ်အသင်းတို့မှ PPE ဝတ်စုံ(၂၅)စုံနှင့် နှာခေါင်းစည်း Mask အခု (၁၀၀၀)၊ အချိုရည်ဘူးများနှင့် မုန့်များ ထောက်ပံ့ပေးအပ်လှူဒါန်းရာ ရွှေကူမြို့နယ် ယာဉ်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီမင်းဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)