နေပြည်တော် ၁ ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများအား ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ ကျန်းမာရေး စောင့်ရှောက်မှုရန်ပုံငွေ ငွေကျပ်သိန်း ၅၀၀၀ မတည်ပေးအပ်လှူဒါန်းလိုသည့်အတွက် လာရောက်တွေ့ဆုံမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ရှေးဦးစွာ AYA SOMPO အာမခံကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုရန်ပုံငွေ ငွေကျပ်သိန်း ၅၀၀၀ တိတိကို မတည်ပေးအပ် လှူဒါန်းလိုပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီခြင်းဖြစ်ပါကြောင်း၊ AYA SOMPO အာမခံ ကုမ္ပဏီလီမိတက်အနေဖြင့် ဧရာဝတီဖောင်းဒေးရှင်းနှင့်အတူ ပူးပေါင်း၍ ဝေဘာဂီအထူးကု ဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိသော အသက်ရှူစက်များ၊ တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင်ဆေးနှင့် ဆေးပစ္စည်းကိရိယာများ လှူဒါန်းခဲ့ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ယခုကဲ့သို့ ပံ့ပိုးလှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမှန်တကယ်လိုအပ်နေချိန်တွင် လိုအပ်သည့်နေရာများသို့ လှူဒါန်းခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များကို ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ ဆက်လက်ဆွေးနွေးပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး) ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ AYA SOMPO အာမခံကုမ္ပဏီလီမိတက်မှ မန်နေဂျာ ဒေါက်တာ စိုပြေအောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်