မောင်သောင်းဝင်း (တမန်ဟောင်း)
ဆောင်းဦးကာလ နံနက်စောစောတွင် လမ်းလျှောက်သူများကို ပိုမိုတွေ့မြင်လာရသည်။ လူကြီး၊ လူငယ်၊ လူလတ်အရွယ်ပေါင်းစုံတွေ့မြင်ရသည်။ ခပ်မှန်မှန်ပြေးနေကြသူများ၊ စက်ဘီးစီးကြသူများကိုလည်းတွေ့ရသည်။ ကျန်းမာရေး ပိုမိုလိုက်စားလာကြသည်။ ပြည်သူများ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိလာကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် တိုးတက်မှုပင်ဖြစ်သည်။
အေးမြလှသော ဆောင်းရာသီနံနက်ခင်းတွင် လမ်းလျှောက်ရသည့်အရသာကို လမ်းလျှောက်ဖူးသူများသာ အသိကြဆုံးပင်။ အလွန်အေးချမ်းဖွယ်ခံစားမှု။ လမ်းလျှောက်ခြင်းသည် ငွေကြေးကုန်ကျမှုမရှိသော်လည်း လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာ ရရှိနိုင်ပါသည်။ အနည်းဆုံးတော့ စိတ်လက်ပေါ့ပါးခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ အစာကြေလွယ်ခြင်း၊ ကြွက်သားများသန်မာခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ချက်ချင်းလက်ငင်း ရရှိစေပါသည်။
လမ်းလျှောက်ကြည့်သင့်
လူတိုင်း အချိန် ၂၄ နာရီစီ အညီအမျှရရှိထားကြသည်။ ထို ၂၄ နာရီထဲမှ မိနစ် ၃ဝ ခန့် ရအောင်ယူပြီး လမ်းမလျှောက်နိုင်ဘူးဆိုလျှင် နေ့စဉ်ဆုံးရှုံးမှုသာ ဖြစ်နေမည်။ ထို့ကြောင့် နေ့စဉ်လမ်းလျှောက်ဖြစ်အောင် ကြိုးစားကြည့်စေချင်ပါသည်။ တချို့သောသူများသည် လမ်းလျှောက်ခြင်းကို ဆောင်းရာသီ ရောက်ရှိမှသာ ပြုလုပ်ရသည်ဟု ယူဆထားကြသည်။ အမှန်စင်စစ်မှာမူ လူတစ်ဦးသည် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ပုံမှန်လမ်းလျှောက်သွား သင့်ပါသည်။ စီးပွားဥစ္စာမည်မျှပင် ကြွယ်ဝနေစေကာမူ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနေမှသာလျှင် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းသော မြို့ပြနေရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အသက် ၃ဝ ကျော်လာသူများသည် နေ့စဉ်လမ်းလျှောက်သည့် လေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပေသည်။ နေ့စဉ်လုပ်ငန်း တာဝန်များကို စိတ်ဓာတ်တက်ကြွစွာဖြင့် စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန် စိတ်နှလုံးရွှင်လန်း ချမ်းမြေ့မှုရှိနေရန် လိုအပ်ပေသည်။ စိတ်ရွှင်လန်းတက်ကြွနေစေရန် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ကြရန် လိုအပ် ပါသည်။ ထိုသို့ကိုယ်လက်လှုပ်ရှားမှုအတွက် ငွေကြေးကုန်ကျမှုမရှိသည့် ရိုးရှင်းသော အားကစား နည်းသည် လမ်းလျှောက်ခြင်းပင်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် လွတ်လပ်ပေါ့ပါးပြီး လုပ်ဆောင်ရလွယ်ကူသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်း မရှိသည့် ကျန်းမာရေးကို အထောက်အကူပြုသော လေ့ကျင့်ခန်းပုံစံပင်ဖြစ်သည်။ ထို့ပြင် လမ်းလျှောက်ခြင်းသည် လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်သဖြင့် အသက်အရွယ်မရွေး လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းလည်း ဖြစ်သည်။
နွေမိုးဆောင်းလမ်းလျှောက်သင့်
နည်းပညာ တိုးတက်နေသောခေတ်ကြီးတွင် လူသားတို့သည် ဓာတုကြွင်းကျန်အသီးအရွက်များ၊ ပြုပြင်ဖန်တီးထားသော အသား၊ ငါးများကိုသာ စားသုံးနေကြရသည်။ မြစ်ရေများသည် စွန့်ပစ်ဓာတု ပစ္စည်းများကြောင့် ညစ်ညမ်းလျက်ရှိသည်။ ထိုနည်းတူ နေ့စဉ်ရှူရှိုက်ရသော လေထုသည်လည်းညစ်ညမ်း လျက်ရှိသည်။ အကျိုးဆက်ကတော့ လူသားတို့သည် သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် ကင်ဆာရောဂါများ ဖြစ်ပွားလာကြခြင်းဖြစ်သည်။ အရွယ်မတိုင်မီ ကွယ်လွန်နေကြ၍ လူ့သက်တမ်းမှာ တဖြည်းဖြည်း တိုတောင်းလာသည်။
ထို့ကြောင့် သက်ရှည်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခုတော့ ပုံမှန်လုပ်သင့်ရာ အလွယ်ကူဆုံး လမ်းလျှောက်ခြင်းကို နေ့စဉ် ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်သူတစ်ဦးသည် ကျန်းမာရေး သိသိသာသာ တိုးတက်လာသဖြင့် ပျော်ရွှင် ချမ်းမြေ့မှု အရသာကို မလွဲဧကန် ခံစားရမည်ဖြစ်သည်။ အထိုင်များသူများသည် မိမိအသက်အရွယ်နှင့် လိုက်ဖက်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။
အကျိုးကျေးဇူးများစွာ
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသည်။ သာဓကအနေဖြင့် နှလုံးကျန်းမာရေးအားကောင်းခြင်း၊ ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း၊ သွေးပေါင်ချိန်မှန်လာခြင်း၊ ကင်ဆာ ရောဂါကာကွယ်နိုင်ခြင်း၊ သွေးလည်ပတ်မှုမှန်လာခြင်း၊ သွေးတိုးလေငန်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်း၊ အရိုးအဆစ်သန်မာလာခြင်း၊ ကြွက်သားများ ကြံ့ခိုင်သန်မာခြင်း၊ အစာချေဖျက်နိုင်မှုစွမ်းအား မြင့်မားခြင်း၊ ကူးစက်ရောဂါပိုး ခုခံကာကွယ်နိုင်စွမ်း မြင့်မားခြင်း၊ နာတာရှည်ရောဂါကို ကာကွယ်နိုင်ခြင်း၊ အဆုတ် ကြံ့ခိုင်လာခြင်း၊ အရွယ်တင်နုပျိုခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်း၊ စိတ်ခံစားမှုစွမ်းရည်မြင့်မားခြင်း၊ မှတ်ဉာဏ် စွမ်းရည်မြင့်မားခြင်း၊ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ လူမှုဆက်ဆံရေး အဆင်ပြေ ချောမွေ့လာစေခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ခြင်းတို့ဖြစ်သည်။
ထို့ပြင် လမ်းလျှောက်ခြင်း အပါအဝင် ကျန်းမာရေး လေ့ကျင့်ခန်းအားလုံးသည် ဦးနှောက်ကျန်းမာရေးအပြင် နှလုံးနှင့် အဆုတ်တို့ကို ကျန်းမာကြံ့ခိုင် လာစေကာ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ အပါအဝင် ကာလရှည်ကြာ ဖြစ်ပွားလေ့ရှိသည့် နာတာ ရှည်ရောဂါများ၏ အန္တရာယ်ကိုလည်း လျှော့ချစေ နိုင်သည်ဟု ဆိုသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ် အကြား အရွယ်များသည် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် စက်ဘီးစီးခြင်းတို့ကို အခိုက်အတန့်မျှ လုပ်ဆောင်ပြီးချိန်တွင် ဦးနှောက်မှတ်ဉာဏ် ပိုမိုတိုးတက်လာလေ့ရှိကြောင်း သုတေသနများအရ သိရသည်။ နေ့စဉ်လမ်းလျှောက်ခြင်း သို့တည်းမဟုတ် စက်ဘီးစီးခြင်းသည် ကျွန်ုပ်တို့၏ ဦးနှောက်သက်တမ်းကို ၁ဝ နှစ်အထိ ပိုမိုနုပျိုလာစေသည်ဟုဆိုသည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ခြင်းသည် သက်ကြီးရွယ်အိုများ ၏ မှတ်ဉာဏ်ကို အသက် ၂ဝ အရွယ် လူငယ်များကဲ့သို့ပင် တိုးတက်လာစေကြောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားသည်။ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများကို အနှစ်ချုပ်လိုက်လျှင် သက်ရှည်ကျန်းမာစေပါသည်။
ကျန်းမာရေးသည်ပဓာန
ကျန်းမာကြံ့ခိုင်နေသူတစ်ဦးသည် အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်နေ့စဉ်လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ လူတိုင်းတွင် မွေးရာပါစွမ်းဆောင်ရည်များ ပါလာကြသည်။ သို့သော် ကျန်းမာနေမှသာလျှင် ထိုစွမ်းဆောင်ရည်များကို အပြည့်အဝအသုံးချနိုင် မည်ဖြစ်သည်။
လူသားတိုင်းသည် ကျန်းမာစွာ အသက်ရှင်ရပ်တည်လိုကြသည်။ ကျန်းမာရေးချို့ယွင်းမှု မှန်သမျှသည် အဆင်မပြေမှုနှင့် ငွေကုန်ကြေးကျမှုကိုသာ များစေမည်ဖြစ်သည်။ ကျန်းမာရေးချို့ယွင်း သူတစ်ဦးသည် ပညာသင်ယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်သွားလာခွင့်စသည့် အခွင့်အရေးအားလုံးကို လက်လွှတ်ဆုံးရှုံးကြရသည်။ လူတစ်ဦး ကျန်းမာရေးကောင်းမွန်ရန်အတွက် အခြေခံအားဖြင့် ငါးမျိုးသာရှိသည်။ ၎င်းတို့မှာ လက်မှန်မှန် ဆေးကြောခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ရေကို လုံလောက်စွာ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းနှင့် လုံလောက်စွာ အိပ်စက်အနားယူခြင်းတို့ဖြစ်သည်။
ကျန်းမာသက်ရှည်လိုပါသလား
နေ့စဉ်ပုံမှန် လမ်းလျှောက်သွားမည်ဆိုလျှင် အကျိုးထူးကို လက်တွေ့ခံစားရမည်ဖြစ်သည်။ မကျန်းမာသူ တစ်ဦးသည် လူသေတစ်ဦးနှင့် မခြားသည့်အပြင် မိသားစုများကိုပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ ဆေးကုသစရိတ် ကုန်ကျသည့်အပြင် တိုင်းပြည်ကုန်ထုတ်လုပ်ငန်းကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် မိမိချစ်သော မိသားစုများနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင် နိုင်ရေးအတွက် နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း တစ်ခုခုကို မပျက်မကွက် လုပ်ဆောင်သင့်ပေရာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများစွာအနက် လွယ်ကူ၍ အဖိုးနည်းပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ကျန်းမာသက်ရှည်မှုကို ဆောင်ကြဉ်းကြပါ စို့ဟု တိုက်တွန်းလိုက်ရပါသည်။