တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်းဟာ အရမ်းကိုအရေးကြီးပါတယ်။  အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေးရော၊ ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးရစေဖို့အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထား ရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။

 

(၁)ပထမဦးဆုံး အချက်အနေနဲ့ ပုံမှန်အိပ်ချိန်တစ်ခု သတ်မှတ်ထားဖို့ပါ

 

ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်ရောက်တိုင်း အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးရအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ အားလပ်ရက် ပိတ်ရက်တွေ၊ ခရီးသွားနေချိန် ဆိုရင်တောင်မှ ပုံမှန်သတ်မှတ်ထားတဲ့ အတိုင်းပဲ အိပ်ပေးသင့်ပါတယ်။

 

(၂) သင့်ရဲ့ အိပ်ခန်းကို တိတ်ဆိတ်ပြီး မှောင်နေအောင် ဖန်တီးထားပါ

 

သင့်အခန်းက အခြားအသံတွေ ကြောင့်ဆူညံနေမယ်ဆိုရင် နားကို ဆို့ထားလို့ရတဲ့ earplugs လေးတွေ သုံးတာမျိုး၊ ဘေးပတ်ဝန်းကျင်ကြောင့် လင်းနေမယ်ဆိုရင် eye cover မျက်လုံးအကာလေး သုံးတာမျိုး တွေ လုပ်သင့်ပါတယ်။ အရမ်းမှောင်မဲပြီး မအိပ်တတ်တဲ့ သူဆိုရင်လည်း အရမ်းစူးပြီးလင်းတဲ့ မီးမျိုး မသုံးဘဲ မှိန်ပြပြ ညမီးသီးလေးတွေ အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။ အိပ်မယ့် အခန်းထဲမှာ လျှပ်စစ် ပစ္စည်းတွေ ရှိရင်လည်း အိပ်တဲ့အချိန်မှာ ပိတ်ထားသင့်ပါတယ်။

 

 (၃) ဖုန်းကို အဝေးမှာထားပါ

 

လက်ကိုင်ဖုန်း နဲ့ အခြား လျှပ်စစ် ပစ္စည်းတွေက ထွက်တဲ့ အလင်းရောင်က သင့်ရဲ့ ဦးနှောက်ကိုသွားပြီး လှုံ့ဆော်နိုင်တဲ့အတွက် အိပ်ရတာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင် ၁နာရီလောက် အလိုမှာ ဖုန်း ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုဖို့ သတိထားပေးသင့်ပါတယ်။

 

(၄) အရက်၊ဘီယာ၊ ဝိုင်စတဲ့ alcohol ပါတာတွေကို ရှောင်ပါ

 

အရက်သောက်ခြင်းက သင့်ရဲ့ ဦးနှောက်မှာရှိတဲ့ brainwaves တွေ ကို နှောက်ယှက်နိုင်ပြီး အိပ်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အရက်သောက်ပြီး ညဘက်မှာ တစ်ညလုံးကောင်းကောင်း အိပ်ပျော် သွားတယ် ဆိုရင်တောင် အရက်သောက်ခြင်းကြောင့် နောက်တစ်နေ့ မနက်မှာ လန်းလန်း ဆန်းဆန်းမရှိဘဲ နုန်းပြီးနိုးလာတာမျိုးကို ဖြစ်စေနိုင်ပါတယ်။

 

(၅) ကော်ဖီ နဲ့ caffeine ပါတဲ့ အစားအသောက်တွေ ကို ဖြတ်နိုင်အောင်၊ လျှော့နိုင်အောင် ကြိုးစားပါ

 

ကော်ဖီသောက်ခြင်းဟာ မျက်လုံးကြောင်စေပြီး အိပ်ချင်စိတ်ကို ပြေစေနိုင်တဲ့ အတွက် နေ့ခင်းနေ့လည် ပိုင်းမှာပဲ သောက်ထားတယ်ဆိုရင်တောင်မှ ညဘက်သင့်ရဲ့ အိပ်စက်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး caffeine ပါတဲ့ အစားအစာ (ဥပမာ- လက်ဖက်ရည်၊ ချော့ကလက်၊ soft drink အချိုရည်တွေကို နေ့လယ်ခင်း နောက်ပိုင်း (သို့) အနည်းဆုံး မအိပ်ခင် ၆ နာရီ အလိုလောက် မှာ မစား သောက်မိစေဖို့ သတိထားပေးရမှာပါ။

 

(၆) မအိပ်ခင် အများကြီးစားတာမျိုး မလုပ်ပါနဲ့

 

မအိပ်ခင် ၂နာရီလောက်အလိုမှာ အရမ်းဗိုက်ပြည့်စေမယ့် အစားအစာတွေကို မစားသင့်ပါဘူး။ ဗိုက်အရမ်းဆာလာတယ် ဆိုရင်တော့ နို့တစ်ခွက် ဖြစ်ဖြစ် သောက်နိုင်ပါတယ်။ နို့မှာပါတဲ့ L-tryptophan ဆိုတဲ့ ပါဝင်ပစ္စည်းလေးက အိပ်ဖို့အတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။

 

(၇) အိပ်ယာမဝင်ခင် ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ

 

ဆေးလိပ်မှာပါတဲ့ nicotine ဟာ သင့်ကို နိုးအောင် လှုံ့ဆော်နိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင်မှာ ဆေးလိပ်သောက်ခြင်းက သင့်ကို အိပ်ရေးပျက်စေနိုင်တဲ့အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုး ရစေမှာ မဟုတ်ပါဘူး။

 

(၈) အိမ်မွေး တိရိစ္ဆာန်လေးတွေကို အိပ်ယာနဲ့ အဝေးမှာသိပ်ပါ

 

အိမ်မွေးတိရိစ္ဆာန်လေးတွေ နဲ့တူတူအိပ်ခြင်းက သင့်ကိုအိပ်ရေးပျက်စေနိုင်ရုံသာမက အခြား ဓါတ်မတည့်တဲ့ ဖြစ်နိုင်ခြေတွေလည်း အရမ်းများပါတယ်။

 

(၉) မအိပ်ခင် အကြောလျှော့ပေးပါ

 

အိပ်ယာမဝင်ခင်မှာ သင့်ရဲ့ ကြွက်သားတွေ ပြေလျော့စေဖို့ အကြောလျှော့ပေးတာမျိုး၊ စိတ်ငြိမ်အောင် တရားထိုင်ပေးတာမျိုးလည်း လုပ်ပေးတာကလည်း ကျန်းမာတဲ့အိပ်စက်ခြင်းမျိုး ရအောင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

 

မအိပ်ခင်မှာ လုပ်သင့်တာလေးတွေလုပ်၊ ရှောင်သင့်တာလေးတွေ သတိထားရှောင်ပေးခြင်းဖြင့် အားလုံး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးရပြီး လန်းဆန်းဆက်ကြွတဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”