ကိုကြေးမုံ
စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ရိုက်ကူးတဲ့ ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီ ရုံတင်ပြသဖို့ရှိနေပါတယ်။
ဒီဇာတ်ကားမှာဆိုရင် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ မင်းသားမင်းသမီးတွေအပြင် ဝါရင့်သရုပ်ဆောင်မင်းဦး၊ တက်သစ်စသရုပ်ဆောင် မင်းဘုန်းမြတ်၊ နန်းစန္ဒာလှထွန်း၊ အမ်မလီဘို အစရှိတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတာဖြစ်လို့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်တဲ့ ဒရာမာဇာတ်ကားကောင်းလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ မင်းသမီးအသားပေး ရိုက်ကူးတဲ့ ဇာတ်ကားလို့လည်း ဆိုနိုင်ပါတယ်။ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ကျောင်းသူအရွယ် သမုဒယခင်အဖြစ်နဲ့လည်းကောင်း၊ ဖခင်ရဲ့အိမ်စီးပွားရေးမှာ အလုပ်အတူလုပ်ရင်း ခင်ပွန်းဖြစ်လာတဲ့ ကိုသက်ဝေရဲ့ဇနီး သမုဒယခင်အဖြစ်နဲ့လည်းကောင်း၊ သရုပ်ဆောင် မင်းဘုန်းမြတ်ရဲ့ မိခင် ဒေါ်သမုဒယခင် အဖြစ်နဲ့လည်းကောင်း ဇာတ်ရုပ်သုံးခုအဖြစ် တွေ့ရမှာဖြစ်ပါတယ်။
သမုဒယခင်ဟာ ကျောင်းသူဘဝမှာ သူ့ရဲ့အချစ်ဆုံးယောက်ျားက ဘယ်သူဖြစ်မလဲ။ အိမ်ထောင်သည်ဘဝမှာကော အချစ်ဆုံးယောက်ျားက ဘယ်သူဖြစ်မလဲ။ မိခင်ဘဝမှာကော အချစ်ဆုံးယောက်ျားဆိုတာ ရှိနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးတွေ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားပုံတွေကို ပုံဖော်ရိုက်ကူးထားတဲ့ အိမ်ထောင်ရေး ပညာပေးဇာတ်ကားကောင်း ဖြစ်ပါတယ်။
သမုဒယခင်ရဲ့ ငယ်ရွယ်စဉ်ဘဝဖြတ်သန်းရတဲ့ လူမှုဘဝ၊ အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ လူမှုဘဝ၊ အသက်အရွယ်ရလာတဲ့အခါ ကြုံတွေ့ရတဲ့လူမှုဘဝ အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်အောင် ရိုက်ကူးထားတာဖြစ်လို့ အိမ်ထောင်ရေး ပညာပေး ဇာတ်ကားကောင်းဖြစ်လာဖို့ သေချာတယ်။ ဒီဇာတ်ကားကို မတ်လ ၁၅ ရက်မှစပြီး တစ်နိုင်ငံလုံး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက် ဇာတ်ကားဟာ ရုပ်ရှင်ချစ်ပရိသတ်များအတွက် အကောင်းဆုံး အိမ်ထောင်ရေး ပညာပေး ဇာတ်ကားကောင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ကြေးမုံ