ကံမ မတ် ၂၄
မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာ အထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသားကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးဌာနမှ စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားစိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စိတ်ဓာတ်ကောင်းများ ပေါ်ထွန်းရေးနှင့် တိုင်းပြည်ချစ်စိတ်ရှိရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


