ကံမ ဖေဖော်ဝါရီ ၅

 

သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် ဧရိယာများ၌ စုပေါင်းလယ်ကြားမြောင်း ဖောက်လုပ်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ ကွင်းအမှတ်(၁၆၂-ခ)တွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက လယ်ကြားမြောင်း ဖောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နွေစပါးလျာထား ၁၈၂၇ ဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ တစ်ဧက တင်း ၁၅၀ ထွက်ရှိရန် ရည်မှန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောင်သူများ၏ စုပေါင်းလယ်ကြားမြောင်း ဖောက်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူများအား အားပေးစကား ပြောကြားခဲ့သည်။

 

ကျော်ဇေယျဝင်း(ကံမ)