ကံမ ၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြစ်‌ချောင်းအင်းအိုင်များနှင့် အလှမ်းကွာဝေးပြီး မြေအောက်ရေ တူးဖော်ရန်ခက်ခဲသည့် ရေရှားပါးသော ကျေးရွာများအနက် ယခုနှစ်နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်နိုင်သော ကျေးရွာ ၇ ရွာမှ ပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ အခက်အခဲမရှိစေရေးအတွက် ဧပြီလဆန်းပိုင်းမှစတင်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေဂါလန်ပေါင်း ခြောက်သောင်းကျော်ကို ကျေးရွာများအရောက် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါကျေးရွာများမှာ ကံမပြည်ကားလမ်းတလျှောက်ရှိ သစ်မယ်ဇီကျေးရွာ၊ ဒဂုံကွင်းကျေးရွာ၊ ပြောင်ကျကျေးရွာ၊ ပယ်ကျကျေးရွာနှင့် လဲလူကုန်းကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းအနီး ဇီးဖြူကွင်းကျေးရွာနှင့် ရွာသာလှကျေးရွာတို့ဖြစ်ပြီး အဆိုပါကျေးရွာ ၇ ရွာအပြင် ပယ်ကျကျေးရွာအုပ်စု တောင်ပို့နီကျေးရွာမှာ ရေသယ်ယာဉ်များ ဝင်ရောက်ရန်ခက်ခဲသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အလှူရှင်များ၊ ပရဟိတအဖွဲ့များနဲ့ ချိတ်ဆက်၍ သောက်သုံးရေအခက်အခဲကို ဖြေရှင်းခဲ့ရကြောင်း၊ ယနေ့အချိန်ထိ ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေ‌ပေးလျက်ရှိပြီး မိုးရွာသွန်းမှု အခြေအနေပေါ်မူတည်၍ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်၏ ပြောကြားချက်အရ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)