ကံမ ၂၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားရပ်တွင် ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး ရေများ ရောက်မှုကြောင့် ဇူလိုင် ၂၃ ရက်က အိမ်ထောင်စု ၄၀ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။
အဆိုပါရေဘေးသင့်ရာနေရာသို့ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရဲညွန့်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး က အုပ်ချုပ်မှုယာဉ်တစ်စီး၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ထောင်စု ၄၀ အား ယာယီကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ကံမမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ တောင်ပေါ်ဘုန်းတော်ကြီး ကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့က ပြောင်းရွှေ့ကူညီပေးခဲ့သည်။
ကံမမြို့တွင် ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းအထိ စုစုပေါင်းအိမ်ထောင်စု ၄၀မှ လူဦးရေ ၁၅၃ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။
ဝေသူနွယ်(မြန်မာ့အလင်း)


