ကံမ ၂၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၂) ရပ်ကွက် ကမ်းနားရပ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေဝင်မှုကြောင့် ဇူလိုင် ၂၃ ရက်က အိမ်ထောင်စု ၄၀ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်နေရာသို့ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ၏ ဦးဆောင် မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ထောင်စု ၄၀ အား ယာယီကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ် ထားသည့် ကံမမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ တောင်ပေါ် ဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီး ကျောင်းများသို့ ယမန်နေ့က ပြောင်းရွှေ့ ကူညီပေးခဲ့သည်။
ကံမမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းအထိ စုစုပေါင်းအိမ်ထောင်စု ၄၀ မှ လူဦးရေ ၁၅၃ ဦး ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။
ဝေသူနွယ်(မြန်မာ့အလင်း)


