နေပြည်တော် ဩဂုတ် ၁၆

 

နိုင်ငံသားများ ပညာတတ်များဖြစ်လာစေရေး၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေးအတွက်  မိမိတို့၏ စွမ်းအားများကို စေတနာနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျှင် မုချအောင်မြင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာနမှ ပညာတတ်များ မွေးထုတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး  က ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများ ပညာတတ်များ ဖြစ်လာရန်အတွက် သင်ကြားမည့် ဆရာ၊ ဆရာမနှင့် စီမံခန့်ခွဲသူများအပါအဝင် လူသားအရင်းအမြစ်များ၏ အရည်အသွေးကို မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြစ်လာစေရေးအတွက် လုပ်သက်ရင့် ဆရာကြီး၊ ဆရာမကြီးများက မိမိထက် လုပ်သက်ငယ်သူများကို မွမ်းမံသင်တန်းပို့ချ သင်ကြားပေးစေလိုပါကြောင်း၊ အရည်အသွေးမြင့်မားသော သင်ရိုးညွှန်းတမ်းများကို လိုအပ်သော နည်းပညာများ အသုံးပြု သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများအတွက် သင်ယူမှု အခွင့်အလမ်းများ (Access) ကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်ထိ တိုးမြှင့် သင်ကြားရေးကို အားပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေးမှ အလယ်တန်းပညာရေးသို့ တိုးမြှင့်ပံပိုးပေးရန် လိုပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်း အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့်ပြီးဆုံးရေး အခမဲ့အခြေခံပညာရေးကို ဦးတည်စည်းရုံး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများစေရေးအတွက် ရေတို၊ ရေရှည် လုပ်ငန်းစဉ်များကို ရာခိုင်နှုန်းပြည့် အကောင်အထည် ဖော်နိုင်သမျှဖော်ဆောင်ကာ မှန်ကန်သော လမ်းကြောင်းပေါ် တင်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု‌ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်