ရန်ကုန် ၂၂ မတ်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီး၌ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ အားလုံးပါဝင်၍ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်ရေး အမြင့်မားဆုံး အစီအမံအဖြစ် ဈေးအတွင်း အထူးသန့်ရှင်းရေးနှင့် ဆေးဖြန်းခြင်းတို့ကို ဈေးသူဈေးသားများ၊ ဈေးသာယာရေးအဖွဲ့များ၊ ဈေးဌာနများမှ ဝန်ထမ် း၃၀ဝခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
"အခြေခံအစားအသောက်ဈေးကြီးဖြစ်တဲ့ ဗဟိုငါးဈေးကြီးမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးက လူမှုကယ်ဆယ်ရေးအဖွဲ့များ အားလုံးပါဝင်တဲ့အဖွဲ့တွေ ပူးပေါင်းဝန်းရံပြီးတော့ အထူးသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်တာပါ။ အထူးသဖြင့်တော့ မြောင်းတွေ သန့်ရှင်းရေးကို ဆောင်ရွက်ပြီးတော့ ဈေးအဝင်ဝတွေမှာ အပူချိန်တိုင်းတာတွေ၊ လက်ဆေးတဲ့ အလေ့အကျင့်တွေရအောင် ဆောင်ရွက်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိမ္မော်ရောင်ဝတ်လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၃၀ ကျော်နှင့် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် စုစုပေါင်း လူမှုကယ်ဆယ်ရေးအဖွဲ့ (၁၈၆) ဖွဲ့တို့က COVID-19 ကာကယ်ရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကြည့်မြင်တိုင်ဗဟိုငါးဈေးကြီးသည် တစ်နိုင်ငံလုံးသို့ ငါးများတင်ပို့ရောင်းချရာ လက်ကားဈေးကြီးဖြစ်သည့် အလျောက် COVID-19 ရောဂါမဖြစ်ပွားရလေအောင် အပတ်စဉ် အထူးသန့်ရှင်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
"ဒီနေ့ ဗဟိုစံပြငါးဈေးကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်မှုကတော့ ဒီနေ့ဆောင်ရွက်မှုဟာ အမြင့်ဆုံးအရှိန်နဲ့ဆောင်ရွက်တာလို့ပြောရမှာပါ။ ဒီဈေးကြီးက ရန်ကုန်တိုင်းဒေသကြီးမှာ သားငါးနဲ့ပတ်သက်ပြီး လက်ကားရောင်းဝယ်မှုက အကြီးဆုံးပါ။ ဒါကြောင့်ကြိုတင်ကာကွယ်ရေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီထဲကစပြီး ဆောင်ရွက်ခဲ့တယ်။ အမှိုက်နဲ့မုန့်နဲ့လဲတဲ့ အစီအစဉ်ကိုလုပ်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ သန့်ရှင်းရေးကို အထူးဆောင်ရွက်သလို ကလိုရင်း ဆေးဖျန်းတာတွေ၊ လက်ဆေးတာတွေ၊ အပူချိန်တိုင်းတာတွေနဲ့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်တယ်။ ဈေးသူဈေးသား တွေရော ဈေးဝယ်လာသူတွေရော အထူးကြပ်ကြပ်မတ်နဲ့ ဆောင်ရွက်တာ အခုဒီနေ့မှာဆိုရင် ငါးဒိုင်တွေရော၊ နယ်ပို့တွေ၊ ဝယ်ရောင်းသမားတွေအားလုံးပါဝင်ပြီး အရှိန်အမြင့်ဆုံးအနေနဲ့ ဆောင်ရွက်နေတာပါဟု" ရန်ကုန်အနောက်ပိုင်းခရိုင်ဈေးများရုံးခရိုင်မှုး ဦးမောင်မောင်ဌေးကပြောသည်။
အဆိုပါငါးဈေးကြီးသည် နေ့စဉ် ငါးပိဿာချိန် သုံးသိန်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး နေ့စဉ် လူဦးရေ ငါးသောင်းကျော် ဝင်ထွက်သွားလာလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး


