၁၁ ဒီဇင်ဘာ

 

ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြငါးဈေးကို ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

 

လက်ရှိ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးသည်  ညဘက် ကုန်သေတ္တာယာဉ်များ ဖြတ်သန်းသွားလာနေသောကြောင့် အဆင်မပြေဖြစ်သည့်အပြင် လူနေရပ်ကွက်နှင့် နီးသည့်အတွက် အနံ့အသက်များလည်း မကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

 

"ကြည့်မြင်တိုင်ငါးဈေးက ဟိုဘက်ကိုရွှေ့ဖို့တော့ အစီစဉ်တော့ ရှိတယ်၊ ဘာလို့ဆိုတော့ ဒီဘက်ကျတော့ Very Congested ဖြစ်တယ်၊ နောက် လူနေအိမ်နဲ့ သိပ်နီးတယ်ဆိုတဲ့အတွက်ကြောင့် ဟိုဘက်ကို ရွှေ့ဖို့ အစီစဉ်တော့ရှိတယ်၊ သို့သော်လည်း အစီအစဉ်ရှိပေမယ့် ပြဿနာက ဟိုဘက်မှာကြတော့  ဆိပ်ကမ်းကပ်ဖို့အတွက် နေရာက အကန့်အသတ်လေးရှိတယ်၊ ဒီဘက်ကြတော့လဲ နေရာတော့ ကောင်းနေတယ်၊ သို့သော်လည်း လူနေရပ်ကွက်နဲ့ ငါးအနံ့အသက်နဲ့ဆိုတာက အဲ့မှာလည်း နှစ်ကွက် ဖြစ်နေတယ်၊ ပြောင်းချင်တဲ့ အဖွဲ့ရှိတယ်၊ မပြောင်းချင်တဲ့ အဖွဲ့ရှိတယ်၊ သို့သော်လည်း ပြောင်းဖို့ သင့်သလားဆိုတော့လဲ မြို့တော်ဝန်တစ်ယောက်အနေနဲ့ပြောရင် ပြောင်းဖို့သင့်တယ်"ဟု ဦးမောင်မောင်စိုးက ပြောသည်။

 

လက်ရှိ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးပြောင်းရွှေ့ရန်အတွက် သင့်တော်မည့် နေရာများ ရှာဖွေနေပြီး ရန်ကုန်မြစ်ဝဘက်  သို့မဟုတ် ရွှေပိတောက်ဘက်သို့ ပြောင်းရွှေ့ရန် စဉ်းစားထားကြောင်း ၎င်းက ဆက်ပြောသည်။

 

"နေရာတော့ရှာနေတယ်၊ မြစ်ဝဘက်ကို ရှာနေတယ်၊ မြစ်ဝဘက်ကို ရှာတဲ့အကြောင်းရင်းက ရွှေပိတောက်ကိုလဲ စိတ်ကူးရှိတယ်၊ ဒီမှာရှိတဲ့ ကြည့်မြင့်တိုင်ကတော့ သိပ်မသင့်ဘူးလို့ပြောတယ်၊ မသင့်ပေမယ့် ဒီမှာရှိတဲ့ သဘောထားက နှစ်ခုဖြစ်နေတယ်၊ သို့သော်လည်း လိုအပ်ချက်အရဆိုရင် ဒါက ရွှေ့သင့်တယ်၊ ရွှေ့သင့်တယ်ဆိုပေမယ့် အပေါ်ကိုလည်း ရွှေ့ပြောင်းဖို့စဉ်းစားတယ်၊ အောက်ဘက် မြစ်ဝဘက်ကိုလဲ စဉ်းစားတယ်၊ မြစ်ဝဘက်စဉ်းစားတာက ပင်လယ်ကလာတဲ့ငါးနဲ့ ပြည်တွင်းမှာရှိတဲ့ငါးနဲ့ ဒိုင်ရလို့ရှိရင် တနည်းအားဖြင့်ပြောလို့ရှိရင် ငါးတွေက ကျွန်တော်တို့ပိုင်တဲ့ ရတဲ့ ငါးဟာ ဟိုဘက်ဒိုင်ကို သွားရောင်းစရာမလိုတော့ဘူး ဒီမှာပဲတင်ပြီး ထားဖို့အတွက် အစီအစဉ်ရှိတယ်"ဟု မြို့တော်ဝန်က ပြောသည်။

 

ထို့ပြင် ပြောင်းရွှေ့မည့် နေရာအသစ်သည် စက်လှေများ အဆင်ပြေစွာ ဆိုက်ကပ်နိုင်မည့် နေရာဖြစ်ရမည့်အပြင် ရေခဲစက်လည်းရှိသင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရ သည်။

 

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် CITIC Myanmar ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံပြီး ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရန်အတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေပြီး ရန်ကုန်မြို့တွင် စနစ်ကျသည့် ငါးဈေးကွက်တစ်ခုကို ပုံဖော်သွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

 

Nyein Nyein