ရန်ကုန် ၄ မေ
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်မှုများပြုလုပ်နေစဉ်အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီးသို့ ရေလမ်းမှစက်လှေများဖြင့် ငါးများသာ ရောင်းချခွင့်ပေးပြီး ကုန်းလမ်းမှ မွေးမြူရေးငါးပုဇွန်ကားများကို ဈေးအတွင်းဝင်ရောက်မှုပိတ်ပင်လိုက်၍ ကုန်စည်စီးဆင်းမှုနှေးကွေးမှု ဖြစ်ပေါ်လာသောကြောင့် ကုန်းလမ်းမှဝင်ရောက်လာသော ငါးကားများ ဈေးကြီးအတွင်း စနစ်တကျဝင်ရောက်နိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဗဟိုစံပြငါးဈေးကြီး ဈေးသာယာရေးအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ကြသည်။
"ကိုဗစ်ကာလမှာ ရောဂါထိန်းချုပ်မှုတစ်ရပ်အနေနဲ့ လူစုလူဝေးမဖြစ်စေဖို့အတွက် ဗဟိုစံပြငါးဈေးကြီးမှာ ရောင်းချနေမှုကို ရွှေပိတောက်ငါးကြီးဘက်သို့ တစ်ဝက်ခွဲတဲ့အနေနဲ့ ရေလမ်းကလာတဲ့ငါးများသာ ဆက်လက်ရောင်းချခွင့်ပေးပြီးတော့ ကုန်းလမ်းကနေဝင်ရောက်လာတဲ့ ငါးကားတွေကို ဝင်ရောက်မှုကို ပိတ်ထားလိုက်တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ဗဟိုစံပြငါးဈေးကြီးမှာ လုပ်ကိုင်နေတဲ့ ၁၄၆ ဒိုင်သော လုပ်ငန်းလုပ်ကိုင်သူတွေ၊ မိသားစုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ငါးဈေးနှုန်းတွေ မြင့်တက်သွားသလို ကုန်စည် စီးဆင်းမှုကိုလည်း ထိခိုက်သွားပါတယ်။ ဒါကြောင့် ဈေးကြီးအတွင်း ငါးကားတွေ စနစ်တကျတစ်စီးချင်းဝင်ရောက်နိုင်အောင် မြို့တော်စည်ပင်သို့တင်ပြပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောသည်။
အဆိုဈေးကြီးသို့ ငါးပိဿာချိန် ၄ သိန်းမှ ၅ သိန်းကြား နေ့စဉ်ဝင်ရောက် ရောင်းဝယ် ဖောက်ကားလျက်ရှိရာ ၈၀ ရာခိုင်နှုန်းမှာ ကုန်းလမ်းမှအအေးခန်းကားများဖြင့် ဝင်ရောက်လာသောသော ငါးများဖြစ်ကြောင်း၊ ၂၀ ရာခိုင်နှုန်းခန့်သာ ရေလမ်းမှစက်လှေများဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဗဟိုစံပြငါးဈေးကြီး၌ လူစုလူဝေးများလျော့နည်းရန်နှင့် ကုန်စည်ပြတ်လပ်မှု မရှိစေရေးတို့အတွက် ဈေးဝယ်ယာဉ်နှင့် အအေးခန်းယာဉ်များ ဝင်ရောက်ခြင်းကို ဧပြီ ၂၄ ရက်နေ့ နံနက် ၅ နာရီ မှ စတင်ကာ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ကုန်စည်စီးဆင်းမှုကို မထိခိုက်စေရန် လုံးဝပိတ်သိမ်းလိုက်ခြင်းမဟုတ်ကြောင်း၊ ယင်းအတွက် ကြည့်မြင့်တိုင်ဗဟိုစံပြငါးဈေးကြီး၌ ဝင်ပေါက်/ထွက်ပေါက်များတွင် စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဈေးသာယာရေးကော်မတီဝင်များ စုပေါင်းကာ ငါးကား/ရေခဲတင်ကားများကို ငါး/ပုဇွန် ကုန်စည်မပါဘဲ အဝင်ခံပြီး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာကာစိုး


