ရန်ကုန်၊ ၆  ဒီဇင်ဘာ

ကြည့်မြင်တိုင်မြို့နယ်တွင် ပထမဦးဆုံး လူထုအခြေပြု ဖျားနာကုသအခမဲ့ ဆေးခန်းကို ၂၀၂၀ ပြည့်နှစ်မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် လာရောက်ပြသသည့် အနံ့ပျောက်လူနာများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ များပြားလာမှုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ဒုတိယမြောက် လူထုအခြေပြု ဖျားနာကုသအခမဲ့ဆေးခန်းကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆေးခန်းသို့ လာရောက်ပြသသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လူနာများလာရောက်ပြသရာတွင် အခက်အခဲ ရှိမှုကြောင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလက ၃ ကျောင်းတွင် ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း လူထုအခြေပြု ဖျားနာကုသအခမဲ့ဆေးခန်း ကြည့်မြင်တိုင်မြို့နယ် တာဝန်ခံဆရာဝန် ဒေါက်တာအောင်မွန်ကျော်၏ ပြောကြားချက်အရ သိရသည်။

 

ထပ်မံဖွင့်လှစ်မည့် ဒုတိယမြောက်ဖျားနာကု ဆေးခန်းတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြစ်သည့် ဖျားနာ ချောင်းဆိုး အနံ့ပျောက် ရောဂါများအပြင် အထွေထွေရောဂါများကိုပါ ကုသပေးနိုင်ရန်ပြင်ဆင်ထားပြီး ဆရာဝန် သူနာပြု စေတနာ့ဝန်ထမ်းအဖွဲ့အင်အား ၁၀ ဦးဖြင့် ကြည့်ရှုကုသပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

တာဝန်ခံဆရာဝန် ဒေါက်တာအောင်မွန်ကျော်က ပြောကြားရာတွင် “ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ချင်တယ်၊ လူတွေလာပြလို့ရအောင် အနံ့ပျောက် ကိုဗစ်-၁၉ ရောဂါတစ်ခုတည်းမဟုတ်ဘဲ တခြားအထွေထွေရောဂါဖြစ်တဲ့ ဖျားနာ နှာစေး ချောင်းဆိုးရောဂါတွေကိုပါ ကုသပေးဖို့ပြင်ဆင်ထားတယ် ဟု ပြောကြားသွားသည်။

 

ဒုတိယမြောက် ဖွင့်လှစ်မည့် လူထုအခြေပြု ဖျားနာကုသအခမဲ့ ဆေးခန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေ တစ်ရက်တည်း နံနက် ၉ နာရီမှနေ့ ၁၂ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ