နေပြည်တော်၊ ဩဂုတ် ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး(အနောက်)ရပ်ကွက်၊ ကမ်းနားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သီဟကျော်(ခ)ဇတ်ဖီးနှင့် ထက်သူမိုးမြင့်ရှိန်(ခ)နဂါးတို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊
ထိုနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဇေယျာအောင်ကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် လက်ဆွဲအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀၊ မြန်မာ ငွေကျပ် သုည ဒသမ ၉၈၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၄၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂,၀၀၀၊ မြန်မာငွေကျပ်သိန်း ၂၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(ရဲပြန်ကြား)


