နေပြည်တော် ၂၃ ဇန်နဝါရီ
ကျောင်းမြို့နယ် ကညင်ကောက်-ဒါးက လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား အပြီးပိုင်ဖျက်သိမ်း၍ တောင်သူများ ဆုံးရှုံးသွားသော လက်တံ(၁)မြောင်းနှင့် လက်တံ (၂)မြောင်းရှိ စုစုပေါင်း ဧက ၁၀ဝ၀ အတွက် စီမံကိန်းမှ ရယူအသုံးပြုခဲ့သည့် လယ်ယာမြေ ဧက ၉၅ ဒသမ ၇၃ ဧကကို မူလလယ်မြေများနှင့် အနီးစပ်ဆုံး မြေညှိပြုပြင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ “ကျောင်းကုန်းမြို့နယ် ကညင်ကောက် -ဒါးက လျှပ်စစ်မြစ်ရေတင် စီမံကိန်းအား အပြီးဖျက်သိမ်း၍ လယ်ယာမြေများ ပြန်လည် ဖော်ထုတ်ပြီး မူလတောင်သူများအား ပြန်လည်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးလှကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က “မူလက ရေသောက်စနစ်ပြည့်စုံစွာ ဆောင်ရွက်ပြီးဖြစ်သည့် ဧက ၁၀ဝ၀ အတွင်းတွင်ရှိသည့် ရေသွင်းမြောင်း အသုံးပြုထားသည့် လယ်မြေဧက ၉၅ ဒသမ ၇၃ ဧကအတွက် မြေယာနစ်နာကြေးပေးရန် ဦးစွာစီစဉ်ခဲ့မှုရှိပါကြောင်း၊ ရန်ပုံငွေအရ တောင်းခံခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ငွေကျပ် ၁၄၃ ဒသမ ၅၉၅ သန်းအသုံးပြုခွင့် ရရှိခဲ့ပါကြောင်း။
သို့သော်လည်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တောင်သူများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲတွင် တောင်သူများအနေဖြင့် နစ်နာကြေးငွေရယူလိုခြင်း မရှိကြောင်းနှင့် မိမိတို့၏ မူလလယ်မြေကိုသာ ပြန်လည်ရယူ စိုက်ပျိုးလိုကြောင်း တင်ပြခဲ့မှု ရှိပါကြောင်း၊ မြေယာနစ်နာကြေး ငွေကျပ် ၁၄၃ ဒသမ ၅၉၅ သန်းကို ပေးအပ်နိုင်ခြင်းမရှိခဲ့ဘဲ ပိုလျှံရန်ပုံငွေအဖြစ် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ အဆိုပါ ဧက ၁၀ဝ၀ အတွင်းရှိသည့် တောင်သူများ မြေပြန်ရယူလိုသည့် ၉၅ ဒသမ ၇၃ ဧကနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် မတ်လအတွင်းတွင် တောင်သူများနှင့် တွေ့ဆုံပြီး တစ်ဦးချင်း၏ သဘောထား ဆန္ဒရယူခဲ့သည်ဟု သိရပါကြောင်း၊ အုပ်စု ၄ အုပ်စုတွင်ရှိသည့် တောင်သူ ၂၂၀ အနက်မှ ၂၀၉ ဦးအနေဖြင့် စီမံကိန်းမှ ရေရယူ စိုက်ပျိုးလိုမှု မရှိကြောင်းကို ဆန္ဒပြုခဲ့ပါကြောင်း၊ တောင်သူများ၏ တင်ပြချက်အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၈ ခုနှစ် မေ ၁၀ ရက်တွင် ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံကိန်းကို အပြီးပိုင်ဖျက်သိမ်းရန် သဘောတူဆုံး ဖြတ်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါတွင် စီမံကိန်းအား ဖျက်သိမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တောင်သူများ ဆုံးရှုံးသွားသော လက်တံ(၁)မြောင်းနှင့် လက်တံ (၂)မြောင်းရှိ စုစုပေါင်း ဧက ၁၀ဝ၀ အတွက် စီမံကိန်းမှ ရယူအသုံးပြုခဲ့သည့် လယ်ယာမြေ ဧက ၉၅ ဒသမ ၇၃ ဧကကို မူလလယ်မြေများနှင့် အနီးစပ်ဆုံး မြေညှိပြုပြင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” ရှင်းလင်းဖြေကြားခဲ့သည်။
MDN