ကြည့်ရှုအားပေးခြင်းဖြင့် ရုပ်ရှင်လောကမြှင့်တင်

နေပြည်တော် ၄ နိုဝင်ဘာ

 

တစ်ချိန်သောကာလက မြန်မာ့ရုပ်ရှင်သည် ရွှေခေတ်ဖြစ်ခဲ့သည်။ ပြောင်မြောက်သော ရုပ်ရှင်ဇာတ်ကားကောင်း များ အမြောက်အမြားပေါ်ထွက်ခဲ့ပြီး ရုပ်ရှင်ကြည့်ပရိသတ်များအဖို့ နှစ်နှစ်ခြိုက်ခြိုက်မက်မက်မောမော ကြည့်ရှုခံစားခဲ့ကြသည်။ မျက်မှောက်ကာလတွင်မူ မြန်မာ့ရုပ်ရှင်လောကမှာ ဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ဆိုနိုင်သည်။

 

ယင်းသို့ဖြစ်ရသည့်အကြောင်းရင်းမှာ နည်းပညာခေတ်ကာလကြောင့်လော၊ ရုပ်ရှင်အရည်အသွေး ကျဆင်း သွားခြင်းကြောင့်လော၊ရုပ်ရှင်ကြည့်ပရိသတ်များ စိတ်ဝင်စားမှု လျော့ကျသွားခြင်းကြောင့်လောဟူ၍ မေးခွန်း အမျိုးမျိုးထုတ်နိုင်သည်။ အဓိကမှာ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ခြင်းသည် ရုပ်ရှင်ကြည့်ပရိသတ်များ အားပေးကြည့်ရှုမှုအပေါ်တွင်မူတည်သည်ဟု ဆိုချင်သည်။ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကောင်းများကို ရုံတင်ပြသနိုင်ပြီး တစ်ချိန်သောကာလကကဲ့သို့ ပရိသတ်များတစ်ခဲနက်အားပေးကြဖို့ လိုအပ်မည်။

 

နည်းပညာခေတ်၏ တိုးတက်ပြောင်းလဲလာသောဖြစ်စဉ်ကြောင့် ငွေကုန်အပင်ပန်းခံပြီး ရုံတင်ဇာတ်ကားများကို ကြည့်ရှုခြင်းအစား နေအိမ်၌ပင် ရုပ်မြင်သံကြားဖန်သားပြင်မှ ကြည့်ရှုလာကြခြင်းသည် ရုပ်ရှင် လောကဖွံ့ဖြိုးရေးအတွက် အဓိကစိန်ခေါ်မှုပင် ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာလည်း ပြည်သူများအနေဖြင့် လူမှုဘဝရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြရသောအခါ အပန်းဖြေချိန်များ လျော့နည်းလာပြီး ရုံတင်ဇာတ်ကားများကို အချိန်ပေးမကြည့်ရှုနိုင်သည့်အချက်ကြောင့်လည်း ပါဝင်နိုင်သည်။

 

အမှန်တကယ်တွင် လူတစ်ဦးအနေဖြင့် အလုပ်လုပ်ခြင်း၊ အနားယူခြင်းနှင့် အိပ်စက်ခြင်းတို့ကို မျှမျှတတ ဆောင်ရွက်မှသာလျှင် မိမိတို့၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကျန်းမာမှု၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းဘဝ ပျော်ရွှင်သာယာမှုတို့ကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ရုပ်ရှင်ကြည့်ရှုခြင်းသည် စိတ်လက်ရွှင်လန်း အပန်း ပြေမှုကို ရရှိစေနိုင်ပါသည်။ နေအိမ်ခန်းအတွင်း ရုပ်မြင်သံကြားဖန်သားပြင်မှ ကြည့်ရှုခြင်းနှင့် ရုပ်ရှင်ရုံအတွင်း ပိတ်ကားပြင်မှ ကြည့်ရှုခြင်းသည် ခံစားမှုရသ မတူကွဲပြားခြားနားပါသည်။

 

ရုပ်ရှင်ရုံတွင် ကြည့်ရှုခြင်းသည် ကျေနပ်အားရမှုကိုဖြစ်စေပြီး စိတ်ခံစားမှုကို ထိရောက်စွာ ပေးစွမ်းနိုင်ပါသည်။ အသံကောင်းခြင်း၊ အသံလုံခြင်း၊ ရုပ်ပုံနှင့်လှုပ်ရှားမှု ရှင်းလင်းပြတ်သား အားရခြင်း စသည့် အရည်အသွေးများစွာရှိပါသည်။ ရုပ်ရှင်ကြည့်ပရိသတ်အား ရယ်ရွှင်၊ အံ့ဩ၊ တက်ကြွ၊ ထိတ်လန့်၊ တုန်လှုပ်၊ ဝမ်းနည်းဝမ်းသာ စသည့် ရသများကို ပေးစွမ်းနိုင်ပါသည်။ ရုပ်ရှင်မှရသော သင်ခန်းစာများ၊ မှတ်သား စရာများမှာ ရုပ်ရှင်ကြည့်ပရိသတ်၏ နှလုံးသားတွင် ထာဝရစွဲထင် ကျန်ရစ်စေပါသည်။

 

ဇာတ်ကားကောင်းများ၊ သရုပ်ဆောင်ကောင်းများစွာတို့ တစ်ချိန်သောကာလက ပေါ်ပေါက်ခဲ့ခြင်းသည် ရုပ်ရှင်ကြည့်ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကြောင့်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင် လောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စိတ်လက်ရွှင်လန်းအပန်းပြေ၍ အသိပညာများ တိုးပွားရေးအတွက် ရုပ်ရှင်လောက အရည်အသွေးမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သလို အဆင့်မြင့်ရုပ်ရှင်ရုံများ တိုးပွားရေးကိုလည်း ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါ ရုပ်ရှင်စတူဒီယိုများ မွမ်းမံပြင်ဆင် တည်ဆောက်ပေးခြင်း၊ ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ ဆွေးနွေးတိုင်ပင်မည့် ရုပ်ရှင်ဖွံ့ဖြိုးရေး စင်တာများ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်ပေးနေသည်ကို တွေ့နေရသည်။ တစ်ဖက်တွင်လည်း ရုပ်ရှင် ဇာတ်ကားထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင် ရုပ်ရှင်ရုံ ၁၁၃ ရုံ၊ ပိတ်ကား ၁၂၇ ခုအထိ တိုးချဲ့ဖွင့်လှစ်လာနိုင်ခဲ့သည်။

 

သို့ဖြစ်ရာ ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် စိတ်လက်ရွှင်လန်းပြီး ကိုယ်လက်သက်သောင့်သက်သာရှိစေမည့် ရုံတင်ရုပ်ရှင်ဇာတ်ကားများကို မအားလပ် သည့်ကြားမှ အချိန်ယူကာ ကြည့်ရှုအားပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

 

ကြေးမုံ