ကြည့်ရှုလေ့လာနိုင်မည့် ယဉ်ကျေးမှုအနုပညာ မြန်မာ့လက်ရာပွဲတော်

၉ ဖေဖော်ဝါရီ

 

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) က ကြီးမှူးပြီး မြန်မာ့လက်ရာပွဲတော်ကို ခမ်းခမ်းနားနား ခင်းကျင်းပြသတော့မည် ဖြစ်သည်။ ပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီတွင် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဆင်နွှဲကြမည်ဖြစ်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့လက်ရာများ အစုံအလင် ပြခန်းပေါင်း ၁၃ ခန်း ပါဝင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ရိုးရာလက်မှု ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အမြောက်အမြား လာရောက် ခင်းကျင်းကြမည် ဖြစ်သည်။ ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီထိ ပြသဖျော်ဖြေမည် ဖြစ်သည်။ ပွဲတော်လာရောက်သူများ ပျော်ရွှင်ဖွယ်ဖြစ်စေရန် တိုင်းရင်းသား ရိုးရာအကများ၊ ဖက်ရှင်ရှိုးများကို ထည့်သွင်း ထားသည်။ အကအလှများကို ညနေ ၅ နာရီ မှ ည ၉ နာရီအထိ ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

မြန်မာ့လက်ရာပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ဂါးဒင်း၌ ဇန်နဝါရီ ၂၉ ရက်က မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မြန်မာ့လက်ရာပွဲတော်မှာ အများပြည်သူတို့ လာရကျိုးနပ်စေရန် အချိန်ယူကြိုးစားထားကြောင်း၊ ဖျော်ဖြေရေးအပိုင်းကိုလည်း အကြိုက်တွေ့စေရန် စီမံထားကြောင်း၊ တိုင်းရင်းသား အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရန် စီစဉ်ထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အပါအဝင် အရွယ်စုံ လာရောက်လေ့လာနိုင်စေရန် ခင်းကျင်းပြသထားကြောင်း၊ ပွဲတော်ဖြစ်မြောက်ရေးအတွက် အချိန်ယူပြင်ဆင်ခဲ့ရသလို ငွေကြေးသုံးစွဲကုန်ကျမှုများလည်း ရှိခဲ့ကြောင်း၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုများကို တန်ဖိုးထား မြတ်နိုးလာစေရန် အဓိကရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။

 

မီဒီယာတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များအနက်မှ ဆရာကြီးချစ်စံဝင်း၊ ဆရာကြီးစိန်မျိုးမြင့်နှင့် ဆရာကြီးလှတင်ထွန်းတို့က မုဒိတာစကား ပြောကြားခဲ့သည်။ ဆရာကြီးစိန်မျိုးမြင့်က ခရီးသွားလာရင်း တွေ့ခဲ့ရသော တိုင်းရင်းသားရိုးရာ အသုံးအဆောင်များကို ဈေးကွက်ဝင်စေလိုကြောင်း၊ ကရင်ဂျပ်ခုတ်လွယ်အိတ်များနှင့် ခြေထောက်ထိုး၍အိပ်နိုင်သော ဂျပ်ခုတ်စောင်များသည် အရည်အသွေးကောင်းသည့် Hand Made များ ဖြစ်ကြောင်း၊ ယခုလိုပွဲတော်မျိုး ပေါ်ပေါက်လာသဖြင့် ရိုးရာအထည်ပြုလုပ်သူများအတွက် ဝမ်းသာစရာ ဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာ့လက်ရာ ပွဲတော်တွင် အမရပူရ ချည်ထည်နှင့် ပိုးထည်လွန်းရာကျော်ရက်ကန်း၊ အင်းလေးကြာထည်နှင့် ပိုးထည်၊ ကချင်ရိုးရာဂျပ်ခုတ်၊ ကယန်း ပဒေါင်ရိုးရာဂျပ်ခုတ်၊ ချင်းရိုးရာဂျပ်ခုတ်၊ ရခိုင်ရိုးရာရွှေပန်းထိမ်၊ စစ်ကိုင်း ရွာထောင် ငွေထည်ကြေးထည်လုပ်ငန်း၊ မြန်မာ့ရိုးရာ ရွှေဆိုင်းလုပ်ငန်း၊ မြန်မာ့ယွန်းလုပ်ငန်း၊ ကယားရိုးရာ တောင်းရက်လုပ်ငန်း၊ မွန်ရိုးရာဆေးတံနှင့်ကျောက်သင် ပုန်းလုပ်ငန်း၊ ကရင်ရိုးရာဖိနပ်ချုပ်လုပ်ငန်းနှင့် ပန်းချီ ပြခန်းများ ပါဝင်ခင်းကျင်း ပြသမည်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်း၊ တိုင်းရင်းသားအလိုက် ရိုးရာအစားအစာများ ရောင်းချခြင်းနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များ ပါရှိသည်။ ဖော်ပြပါ ရိုးရာလက်မှု အနုပညာများအားလုံးကို စုစည်းတင်ဆက်ထားခြင်း ဖြစ်သောကြောင့် မြန်မာ့လက်ရာ ပွဲတော်ဟူ၍ အမည်ပေးထားခြင်းဖြစ်သည်။ မြန်မာ့လက်ရာဟူ၍ ခေါ်လိုက်သည်နှင့် တိုင်းရင်းသားအားလုံး အကျုံးဝင်ပြီးသား ဖြစ်သည်။ ဗမာလူမျိုးတို့၏ ရိုးရာသည်လည်း အခြားတိုင်းရင်းသားများ၏ ရိုးရာများနည်းတူ ပါဝင်ခင်းကျင်း သွားမည်ဖြစ်သည်။

 

မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများအားလုံး စုစည်းပါဝင်သည်။

 

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့သည် တိုင်းရင်းသား အားလုံးတို့၏ ဒြပ်ရှိယဉ်ကျေးမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုများအား ရေရှည် တည်တံ့စေရန် ဝိုင်းဝန်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၇ ခုနှစ်က မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ရာ လူအများစိတ်ဝင်စားခဲ့ကြောင်း တွေ့မြင်ရသည်။ နည်းပညာများ အဆမတန် ဖွံ့ဖြိုးလာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများက online မှတစ်ဆင့် စက္ကန့်တိုင်း ဝင်ရောက်လျက်ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များအား လူမှုကွန်ရက် အပါအဝင် online သတင်းပုံရိပ်များက လွှမ်းမိုးလျက်ရှိသည်။ သို့ဖြစ်၍ မြန်မာတို့၏မူရင်း ယဉ်ကျေးမှုများ ပပျောက်ခြင်း၊ ရောနှောသွားခြင်း၊ ပျက်စီးခြင်း၊ ယိုင်နဲ့ခြင်း များဖြစ်ပေါ်နေကြောင်း နေ့စဉ်နှင့်အမျှ တွေ့မြင်ကြား သိနေရသည်။ နည်းပညာနှင့်ခေတ်မီခြင်းကို ဟန့်တား၍ မရနိုင်သော်လည်း မိရိုးဖလာယဉ်ကျေးမှုများအား အလေးထားမြတ်နိုးလာစေရန် လှုံ့ဆော်တိုက်တွန်းသွားရန် လိုပေသည်။

 

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်လာစေရန် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေဖြင့် ခင်းကျင်းပြသသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စိတ်ဝင်စား ဖွယ်ခင်းကျင်းပြသမှု၊ ရိုးရာအလိုက် လက်မှုပစ္စည်း ထုတ်လုပ်မှု အဆင့်ဆင့်များ ပါဝင်ပြသမှုနှင့် စုံလင်ဖွယ်ရာ အစီအစဉ်များ ထည့်သွင်းထားမှုတို့ကြောင့် မြန်မာ့ လက်ရာပွဲတော်သို့ လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း ရေးသားအပ်ပါသည်။ ။

 

ကေသက်