ဆဒုံး ၂၀ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့နယ်တွင် ယမန်နေ့ညက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက် ၉နာရီခွဲခန့်တွင် ဝေါ်ချုံကျေးရွာအုပ်စု၊ ဒေသအခေါ် (အထက်ဘာတွန်) ဝိုင်းမော် -ဆဒုံး-ကန်ပိုက်တီ ကားလမ်းမကြီး ကီလိုမီတာမိုင်တိုင်အမှတ်(၁၀၅/၁၀၆) ကြားရှိ အလျားပေ (၁၀၀)၊ အနံပေ (၁၀၀)၊ အမြင့် ပေ (၂၀) ခန့်ရှိ မြေသားကမ်းပါးပြိုကျခြင်း ဖြစ်ပွားခဲ့သည်။ အလားတူ မိုင်တိုင်အမှတ် (၁၀၇/၁၀၈) ကြားတွင်လည်း အလျားပေ (၅၀)၊ အနံပေ (၃၀)နှင့် အမြင့် (၁၅) ပေခန့်ရှိ ကမ်းပါးမြေပြိုကျခဲ့သည်။ အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာ နေရာများတွင် ကန်ပိုက်တီမြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ် ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူများက ဘူဒိုစာ (၂)စီးဖြင့် မြေသားနှင့်ကျောက်တုံး/ကျောက်ခဲများကို ရှင်းလင်းနေကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော် - ဆဒုံး- ကန်ပိုက်တီ- တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခရီးသွားယာဉ်များနှင့်ကုန်တင်ယာဉ်များသည် မြေပြိုကျသည့်နေရာနှင့် ဆဒုံး မြို့ဝင်ဂိတ်တွင် ယာယီရပ်နားထားကြောင်း သိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)


