မြစ်ကြီးနား   ၂၆  ဖေဖော်ဝါရီ

ကန်ပိုက်တီနယ်စပ် စီးပွားရေးနယ်မြေ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ရယူရန် ဆောင်ရွက်မည့် အစီအမံများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

 

1067

 

စီးပွားရေးနယ်မြေ စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ သမိုင်းအကျဉ်းနှင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဘဏ္ဍာနှစ်အလိုက် ကုန်စည်စီးဆင်းမှု အခြေအနေများ၊ အဆင့်မြှင့်တင်နိုင်ရေးအတွက် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကုမ္ပဏီတို့အကြား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းခဲ့ပြီး ကန်ပိုက်တီ စီးပွားရေးနယ်မြေ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုမ္ပဏီပိုင် မြေဧရိယာစုစုပေါင်း ၇၅ ဒသမ ၉၀၉ ဧကပေါ်တွင် အခြေခံအဆောက်ဦများ တည်ဆောက်ကာ Developer အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Developer အဖြစ် ဆောင်ရွက်မည့် အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း (မြန်မာကျပ်ငွေသန်းပေါင်း ၃၃၆၀၀)ဖြင့် အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

1081

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေး၊ ပုဒ်မ (၂၅၁)၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ဥပဒေနှင့်အညီဖြစ်စေရေး ဆောင်ရွက်နိုင်ရန် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကန်ပိုက်တီနယ်စပ် စီးပွားရေးနယ်မြေ စီမံကိန်းအား တင်ပြခြင်းဖြစ်ပါကြောင်းနှင့် အဆိုပါစီမံကိန်းအား အကြံပြုဆွေးနွေးပေးနိုင်ပါရန်နှင့် အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ တင်သွင်းခဲ့သည်။

 

1087

 

အဆိုပါ နယ်စပ်စီးပွားရေးနယ်မြေစီမံကိန်းတွင် စစ်ဆေးရေးဂိတ်၊ အစိုးရဝန်ထမ်းအိမ်ရာ၊ ခရီးသွားနားနေဆောင်၊ ယာဉ်ရပ်နားကွင်း အပါအဝင် အရှေ့တောင်အာရှ ယဉ်ကျေးမှုဈေးတန်း၊ ကုန်စည်ဖလှယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဧရိယာ (၂)ခု၊ ဂိုဒေါင်များနှင့် ဆိုင်ခန်းများ အပါအဝင် ဇုန် A ၊ B ၊ C ၊ D ၊ E ၊ F အဖြစ် ဇုန်(၆)ဇုန် ပါဝင်မည်ဖြစ်ပြီး လက်ရှိထက် ယာဉ်ကြောပိတ်ဆို့ နှောင့်နှေးကြန့်ကြာမှုများ၊ ကုန်ပစ္စည်း စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ပြီး မှန်ကန်သည့်ကုန်သွယ်မှု ပမာဏရရှိရေး အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်းနှင့် တရားမဝင် ကုန်သွယ်မှုကို လျော့နည်းပပျောက်စေရေး ထိန်းချုပ်သွားနိုင်မည် ဖြစ်သည့်အပြင် ဒေသခံများ၏ အလုပ်အကိုင် ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)