ကန်ပက်လက်၊  ၃ ဒီဇင်ဘာ

 

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ် ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုကို ဒီဇင်ဘာ ၂ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ နေရာသစ်(၂)ခုမှာ ကန်ပက်လက်မြို့မှ ပလက်ဝမြို့နယ် ဆမီးမြို့သို့သွားသည့်လမ်းကြောင်း အနီးပတ်ဝန်းကျင်တွင်ရှိပြီး ဒေသအခေါ် တွီလဲ(ရေကန်)နှင့် ရှီတုန်လုံ (ကမ်းပါးထက် ကျောက်ဆောင်ပေါ်ရှိ ကျောက်တုံး)တို့ဖြစ်ကြောင်း၊ တွီလဲ၏ အဓိပ္ပာယ်မှာ မဲနက်နေသည့်ရေဖြစ်ပြီး ရှီတုန်လုံ၏ အဓိပ္ပာယ်မှာ အလွန်အေးသည့်နေရာ၌ ရှိသည့်ကျောက်တုံးကြီးဖြစ်ကြောင်းနှင့် ယင်းနေရာ(၂)ခုကို ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် အစီအမံများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် ကွင်းဆင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရာသစ်(၂)ခုမှာ နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း၌ ရှိပြီး တောင်ဇလပ်ဖြူ၊ နီ၊ ဝါများနှင့် ကြူတံ(ပလူတံ)များ အများအပြားပေါက်ရောက်သည့် နေရာတစ်ခုဖြစ်ကာ ခရီးသွားပြည်သူများအား ဆွဲဆောင်နိုင်မည့်နေရာများဖြစ်လာစေရန် မျှော်လင့်ထားကြကြောင်း ကွင်းဆင်းကြည့်ရှုခဲ့ကြသည့် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(DMO)ဝင်များ၏ ပြောကြားချက်အရ သိရသည်။

 

ကိုလိန်း(ပြန်/ဆက်)