ကန်ပက်လက် ၊ ၁၁ ဒီဇင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူသွားလူလာ များပြားသည့်နေရာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားဆောင်ရွက်မှုကို ကန်ပက်လက်မြို့ပေါ်ရှိ လူသွားလူလာများပြားသည့်နေရာများ၌ Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Mask တပ်ဆင်သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်း၊ Face Shield များအခမဲ့ဖြန့်ဝေပေးခြင်း၊ ကန်ပက်လက်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်းဆေးပါသီချင်းနှင့် အကဖြင့်ပါဝင် လှုံ့ဆော်ပေးခြင်းနှင့် မဖြစ်မနေ Mask တပ်ဆင်ရေး အသိကိုယ်စီရရှိစေရန် အသိပညာပေး ဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်း Mask မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှား ဆောင်ရွက်မှုကို ရက်သတ္တပတ်တစ်ပတ်တွင် (၂)ကြိမ်ပုံမှန် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် Mask (၄၀ဝ)ခု၊ Face shield (၁၀ဝ)ခုနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပုံမှန်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြကြောင်းနှင့် ကျန်မားရေးဌာနမှဦးစီး၍ သက်ဆိုင်ရာဌာနများဖြင့် ပုံမှန်ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)


