နေပြည်တော် ၂၉ ဩဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင် (ခေါ်) ခေါနူးစုမ် အမျိုးသားဥယျာဉ်သည် ၁၇၆၃၀ဝ ဧက ကျယ်ဝန်းပြီး ၂၀၁၀ ခုနှစ်တွင် သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရုံးအမိန့်ကြော်ငြာစာ အမှတ်(၁၆၄/၂၀၁၀)နှင့် သတ်မှတ်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ UNESCO ကို တင်သွင်းသည့် ကမ္ဘာ့သဘာဝအမွေအနှစ်(Natural World Heritage) လျာထားချက် (၇)နေရာတွင် ထည့်သွင်းခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ ကမ္ဘာ့လှည့်ခရီးသည် အများဆုံးလာရောက်သည့် ပုဂံဒေသမှ လာရောက်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝ အလှအပများနှင့် ရှားပါးမျိုးစိတ်များရှိခြင်း၊ အမြင့်ပေ ၁၀၅၀ဝ ခန့်ရှိ တောင်ပေါ်သို့ ခြေလျင်ဖြင့် အလွယ်တကူ တက်ရောက်နိုင်ခြင်းတို့ကြောင့် ခရီးသွားများဝင်ရောက်မှုသည် တစ်နှစ်ထက် တစ်နှစ် များပြားလျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များအဆင်ပြေရေးနှင့် ဒေသခံများ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိရေးတို့အတွက် ဆိုင်ကယ်ကယ်ရီနှင့် တောင်ထိပ်သို့ ခရီးသည်များ ပို့ဆောင်ခြင်းကို ခွင့်ပြုထားပေးပါကြောင်း၊ အမျိုးသားဥယျာဉ် စီမံအုပ်ချုပ်ခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်းကို အထောက်အကူပြုရန်နှင့် ဆက်စပ်ဌာနများအကြား ပေါင်းစပ် ညှိနှိုင်းနိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကန်ပက်လက်နှင့် မတူပီမြို့နယ်အဆင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး၊ ကြီးကြပ်မှုကော်မတီများမှလည်း အစည်းအဝေးများခေါ်ယူပြီး တောင်တက်လမ်းကြောင်း တစ်လျှောက်နှင့် တောင်ထိပ်ဝန်းကျင်တို့တွင် ကြုံတွေ့နေရသည့် အမှိုက်ပြဿနာများကို ဖြေရှင်းနိုင်ရေးနှင့် ဆိုင်ကယ်ကယ်ရီအသင်းများကို စနစ်တကျ ဖြစ်စေရေးတို့ကို အမြဲတမ်း ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း။
၄.၂.၂၀၁၉ ရက်နေ့မှစ၍ အမျိုးသားဉယျာဉ်မြို့နယ် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ခရီးသွားရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ စသည်တို့ပါဝင်သည့် ဌာနပေါင်းစုံ အဖွဲ့များက တောင်ခြေရှိ စခန်းတွင် အခြေချပြီး ခရီးသွားများစွန့်ပစ်ခဲ့သည့်အမှိုက်များကို စနစ်တကျသိမ်းဆည်းရေးနှင့် ဆိုက်ကယ်ကယ်ရီများ စနစ်တကျဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခရီးသွားလုပ်ငန်းကြောင့် အမျိုးသား ဥယျာဉ်အတွင်း တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများ၊ အခြားပန်း ပန်များနှင့် သဘာဝအပင်များ ခူးယူသွားခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းတို့ လျော့နည်းစေရန် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး ပညာပေး၊ အသိပေး နှင့်သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း ဥပဒေနှင့်အညီ အရေးယူခြင်း၊ အမှိုက်စွန့်ပစ်မည့် နေရာများသတ်မှတ်ပြီး အမှိုက်ပုံးများ ထားရှိခြင်းနှင့် ၎င်းတို့၏ အမှိုက်များကို သိမ်းဆည်းဖျက်စီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
MDN