ကန်ပက်လက် ၂၁ ဇန်နဝါရီ
ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ခေါ်နူးစုမ်တောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ လောက်နူးမြေရှိ ချင်းရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ဖော်ထုတ်နိုင်ရေး၊ ချင်းတိုင်းရင်းသား မျိုးဆက်သစ် လူငယ်များအနေဖြင့် မိမိတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို မတိမ်ကော မပပျောက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန်တို့အတွက် ရည်ရွယ်၍ တောင်ပိုင်းချင်းတောင်၏ ပထမဆုံးခရိုင်ရုံးစိုက်ခဲ့သည့် ကန်ပက်လက်မြို့တွင် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှဦးစီးပြီး လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ဇန်နဝါရီလ ၂၅ နှင့် ၂၆ ရက်တို့တွင် (၂) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် လောက်နူးမြေ (ကန်ပက်လက်မြို့နယ်) အတွင်းရှိ ချင်းတိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည့် မွင်း၊ ရာ့၊ ဒါးရင်ဒူး၊ ဒိုင်နှင့် ဥ(ပ်)ပူးလူမျိုးများအလိုက် ယဉ်ကျေးမှုနှင့်ရိုးရာ ဓလေ့ထုံးစံများ ဖော်ထုတ်သည့် ပြခန်းများ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများ ပြင်ဆင်ချက်ပြုတ်ထားသည့် ချင်းရိုးရာ အစားအသောက်စုံ ပြခန်းများ၊ ချင်းရိုးရာ လက်ဆောင်ပစွည်းပြခန်း၊ ခေါ်နူးစုမ်တောင်နှင့် တောင်ဇလပ်ပန်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာပြခန်း စသည့် စိတ်ဝင်စားဖွယ် ချင်းရိုးရာပြခန်းများ ဖွင့်လှစ်ပြသထားမည်ဖြစ်ပြီး ချင်းလူမျိုးနွယ်စုများအလိုက် တိုင်းရင်းသား တေးသီချင်း ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခြင်းနှင့် နာမည်ကြီးတေးသံရှင်များ၏ တေးဂီတသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

ပွဲတော်၏ ပထမရက်တွင် လောက်နူးမြေရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော် အထိမ်းအမှတ် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ကန်ပက်လက်မြို့၊ Tourist Information Center ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊ ချင်းရိုးရာ လုံးယူးပွဲ (ခေါ်) ကျောက်ပျဉ်ချီပွဲတော်နှင့် ချင်းရိုးရာဝိုင်းဖွဲ့အက၊ ချင်းရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာဝတ်စုံများဖြင့် ကပြဖျော်ဖြေ ခြင်းများပါဝင်ပြီး ပွဲတော်၏ ဒုတိယနေ့တွင် ခေါ်နူးစုမ်တောင် ခြေလျင်လမ်းလျှောက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ကန်ပက်လက်မြို့နယ်တွင် လူမှုအကျိုးပြုလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာများ၊ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ချင်းရိုးရာမီးပုံပွဲကျင်းပခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခေါ်နူးစုမ်(ခေါ်) ဝိတိုရိယတောင်သည် လောက်နူးမြေ (ကန်ပက်လက်မြို့နယ်) ၏ သဘာဝပတ်ဝန်းကျင် အေးချမ်းသာယာရေးအတွက် အထောက်အကူ ဖြစ်စေသည့် တောင်ဖြစ်ပြီး အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကြီး တစ်ခုလည်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ခရီးသွားသူများ၏ ပိုမိုစိတ်ဝင်စားလာသည့် နေရာတစ်ခု ဖြစ်လာပြီး ယခုအခါ ခေါ်နူးစုမ်(ခေါ်) ဝိတိုရိယတောင်တွင် ထင်းရှူးပင်များ၊ သဘာဝပေါက်ပင်များ၊ ဒေသထွက် ရှားပါးပင်များနှင့် တောင်ကိုမှီခိုကျက်စား နေထိုင်ကြသည့် သားရဲတိရစ္ဆာန်များ တဖြည်းဖြည်း ပြုန်းတီးလာလျက်ရှိကာ ယခုထက်ပိုမို ထိခိုက်ပျက်စီး ပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်လာကြောင်း ဒေသခံတစ်ဦး ဖြစ်သည့် ဦးမာန်လိန်းမှ သူ၏အမြင်ကို ပြောပြသည်။

ဆလိုင်းကိုကီး