KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး၊

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး၊ ကျောင်းသား ကျောင်းသူ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ

 

နေပြည်တော်၊ ဇန်နဝါရီ  ၁၆

 

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ယမန်နေ့နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

 

ဖြစ်စဉ်မှာ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံ တိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား ကျောင်းသူ ကလေးငယ် ခြောက်ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားများ၏ ပြည်နယ်နှင့် သက်ဆိုင်သည့် အခမ်းအနားကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများကို အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်