နေပြည်တော် ဖေဖော်ဝါရီ ၂၀
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ယနေ့ ညနေပိုင်းတွင် ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်စစ်ကြောင်းများ ၎င်းတို့၏နောက်သို့ ထပ်ကြပ် လိုက်လံ ချေမှုန်းတိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့ အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆင်ခြေတုံတရားမဲ့စွာဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယနေ့ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင် လည်း KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဖားဆောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်းပေါ်ရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ပွန်ချောင်းတံတားအား ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏အရှေ့ဘက် ချဉ်းကပ်လမ်းနှင့်ကပ်လျက်တံတားတိုင်အမှတ်၊ K-2 မှ P-4 အထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အများပြည်သူအဓိက သွားလာရာနှင့် ကုန်စည်များစီးဆင်းရာတွင် အဓိကအားထား အသုံးပြုနေသော စစ်ရေးပစ်မှတ် မဟုတ်သည့် လမ်း၊ တံတားများ အား တစ်ခုပြီးတစ်ခု ဆင်ခြင်တုံ တရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးနေသည့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကပါ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


