မိတ္ထီလာ ၂ ဇန်နဝါရီ
မိတ္ထီလာ၌ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်းကောက်ယူသည့်စနစ် CAPI (Computer Assisted Personal Interviewing) အသုံးပြု၍ ၂ဝ၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ခရိုင်အဆင့် ကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။
“၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ ယခင်ကကောက်ယူခဲ့တဲ့ မေးခွန်းစာရွက် အသုံးပြုတဲ့နည်းနဲ့ ကောက်ယူသွားမှာ မဟုတ်တော့ဘဲ နိုင်ငံတော်တော်များများမှာ အသုံးပြုနေပြီဖြစ်တဲ့ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်းကောက်ယူတဲ့စနစ် CAPI (Computer Assisted Personal Interviewing) ကို အသုံးပြုကောက်ယူသွားမှာ ဖြစ်ပါတယ်။ အခုသင်တန်းမှာ အဲဒီလို ကောက်ယူတဲ့အခါ ပါဝင်ဆောင်ရွက်ကြမယ့်သူတွေကို သင်တန်းပို့ချတာဖြစ်ပါတယ်။ မိတ္ထီလာခရိုင် အတွင်းက မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် ၄ မြို့နယ်မှာ စုစုပေါင်း ကောက်ကွက် ၇၃ ကွက်ရှိပြီး ကောက်ကွက်တစ်ခုမှာ အိမ်ထောင်စု ၃၅ စုပါဝင်ပါတယ်။ သင်တန်းမှာ သင်တန်းသား သင်တန်းသူ ၄၇ ဦးကို ဇန်နဝါရီ ၂ ရက်ကနေ ၁၂ ရက်အထိ ၁၁ ရက်တာ သင်တန်းဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်”ဟု မိတ္ထီလာခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ခရိုင်ဦးစီးမှူး ဦးထူးအောင်က ပြောသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးထူးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)