တောင်ငူ ၄ နိုဝင်ဘာ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော အထူးအရေးပါလှတဲ့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရန်၊ ၎င်းတို့ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ မြန်ဆန်သွက်လက်စေရန်၊ အဂတိတရားကင်းရှင်းသော လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင် တည်ဆောက်နိုင်စေရန်နှင့် လူတိုင်းလူတိုင်း၏ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် e – Government အကောင်ထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော e – Government အခြေခံ ကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေနံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ e – Government ကော်မတီ ဥက္ကဋ္ဌ သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
အဆိုပါ သင်တန်းသို့ တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ ဌာနဆိုင်ရာပေါင်းစုံမှ သင်တန်းသား (၁၀၃)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၄ ရက်မှ ၃၀ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ် မေလတွင် ဒုတိယအကြိမ် သင်တန်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားရှိကြောင်း ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က ပြောကြားသည်။
ကိုသူ(တောင်ငူ)


