လွိုင်ကော် ၂ သြဂုတ်
တိုင်းနဲ့ပြည်နယ် အသီးသီးရှိ MPT ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက ပြည်သူတွေအားလုံး အတူတကွ ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထား မြတ်နိုးတတ်လာစေရန်နှင့် မြန်မာနိုင်ငံကြီးကို ပိုမိုစိမ်းလန်းစေဖို့အပြင် သဘာဝ အလှအပတရားနဲ့ ပြည့်စုံတဲ့ နိုင်ငံတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) နှင့် မြန်မာ့ဆက်သွယ်ရေး (MPT)တို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို သြဂုတ် ၂ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်က လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)ဝန်း အတွင်း၌ ကျင်းပသည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်အပင်(၂၀ဝ)၊ မယ်ဇလီပင်အပင် (၁၀ဝ)၊ မဟော်ဂနီအပင်(၁၀ဝ)၊ ပိန္နဲပင် အပင် (၁၀ဝ) ၊ ကြို့ပင် အပင် (၁၀ဝ) စိုက် စုစုပေါင်း အပင် (၆၀ဝ)ကို မြန်မာ့ဆက်သွယ်ရေး (MPT) ဝန်ထမ်းများနှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုပေါင်းကာ တွဲလက်ညီညီ ပျော်ပျော်ပါးပါး စိုက်ပျိုးကြသည်။
မြန်မာ့ဆက်သွယ်ရေး (MPT)မှ ပြည်နယ်မန်နေဂျာ ဦးကြာမြင့်က “ကျွန်တော်တို့ အနေနဲ့ ဒီလိုဆောင်ရွက်တာဟာ မနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုအချိန်နဲ့ဆိုရင် ငါးကြိမ်မြောက် ဖြစ်သွားခဲ့ပြီ ဖြစ်တယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက နေရာ (၁၈) နေရာမှာ သစ်ပင်စိုက်ပျိုးသွားမှာဖြစ်ပြီး ဒေသခံ MPT ဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းပြီး ကျောင်းများ၊ တက္ကသိုလ်များနဲ့ ဘုရားပရဝဏ်တွေစတဲ့ အများနဲ့ဆိုင်တဲ့နေရာတွေမှာ နှစ်ရှည်ပင်၊ အရိပ်ရပင်တွေကို အဓိက စိုက်ပျိုးသွားမှာပါ ဘာ့ကြောင့်လဲဆိုတော့ အရိပ်ရ လေကာပင်တွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သလို အများအတွက်လည်း အကျိုးများစေလို့ပဲ ဖြစ်တယ်။ ဒါ့အပြင် သစ်ပင်စိုက်ပျိုးတဲ့ အဖွဲ့တွေရဲ့ အကြံပြုချက်တွေအရလည်း ယခုလို ဆောင်ရွက်ရတာဖြစ်တယ်။ စိုက်ပျိုးရုံမကပဲ အပင်ရေရှည်ရှင်သန်ဖို့အတွက် ဒေသခံက တာဝန်ယူနိုင်မယ့် နေရာမျိုးကို ကျွန်တော်တို့ အဓိက ရွှေးချယ်စိုက်ပျိုးရခြင်းဖြစ်တယ်” ဟု ပြောသည်။
ကိုစိုင်း (လွိုင်ကော်)


