ဗန်းမော် ၇    မေ

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ဦးဆောင်ကြီးကြပ်၍ ကွန်ပျူတာသိပ္ပံကျောင်းသားများနှင့် ကွန်ပျူတာ နည်းပညာကျောင်းသားများ စုစုပေါင်း(၇)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြု အဝေးထိန်းထရော်လီ(အလိုအလျောက်ပို့ဆောင်ပေးသော တွန်းလှည်း)တစ်စီးကို အောင်မြင်ပြီးစီးခဲ့ရာ မေ ၆ ရက် နံနက် ၁၁ နာရီခွဲက ဗန်းမော်ပြည်သူ့  ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဝေးထိန်းထရော်လီ(အလိုအလျောက်ပို့ဆောင်ပေးသော တွန်းလှည်း)ကို ဧပြီလ ၂၄ ရက်နေ့မှ စတင်တီထွင်စမ်းသပ်ပြုလုပ်ခဲ့ရာ မေလ ၅ ရက်နေ့တွင် တစ်စီးအောင်မြင်ပြီးစီးခဲ့ကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

 

အဝေးထိန်းထရော်လီသည် IR Sensor စနစ်ဖြင့် သွားမည့်လမ်းကြောင်းကို လိုင်းဖတ်သော နည်းစနစ်ဖြင့် လည်းကောင်း၊ RFID Module စနစ်ကို လူနာရှေ့ရောက် သည့်အချိန်တွင် လုပ်ဆောင်ပေးနိုင်သည့် နည်းပညာများဖြင့် အသုံးပြုထားကာ ပေ(၁ဝဝ)တွင် ၄ မိနစ်ခွဲခန့် သွားနိုင်ပြီး သယ်ဆောင်နိုင်သည့် အလေးချိန်မှာ (၄ဝ)ကီလိုဂရမ်အထိရှိကြောင်း၊ အဝေးထိန်းထရော်လီတွင် လက်ဆေးဆပ်ပြာရည်ပါရှိပြီး အလိုအလျောက်လက်ဆေးပေးခြင်း၊ အစားအသောက်များ သယ်ဆောင်ပေးခြင်း လူနာများရှေ့တွင် နှစ်သိမ့်ပေးနိုင်သည့် Sound Sensor ဖြင့် တပ်ဆင်အသုံးပြုထားကြောင်း  အဝေးထိန်းထရော်လီ၏ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ မောင်နိုင်ဝင်းအောင် တတိယနှစ် (ကွန်ပျူတာနည်းပညာ) ထံမှ သိရသည်။

 

"ကျွန်တော်တို့ တီထွင်တဲ့ ထရော်လီလေးက ဘယ်လိုအခက်အခဲကြုံရလဲဆိုတော အခု လမ်းကြောင်း အခြေအနေနဲ့ ပစ္စည်းမှာဖို့အတွက် ပစ္စည်းတွေရောက်ဖို့ အချိန်ကြာတယ် ရတဲ့ပစ္စည်းနဲ့ အဆင်ပြေအောင် ကြိုးစားလုပ်နေကြတယ်၊ အခုတစ်စီးပြီးသွားပြီ နောက်ထပ်တစ်စီး ပြန်တီထွင်သွားဖို့ ရှိသေးတယ်" ဟု မောင်ဂွမ်ဂူလတ် စတုထ္ထနှစ်(ကွန်ပျူတာနည်းပညာ)က ပြောသည်။

 

ယခု ပြုလုပ်ပြီးစီးသော အဝေးထိန်းထရော်လီကို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားများက Mg Banmaw(01) အမည်ပေးခဲ့ပြီး နောက်ထပ်တီထွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိန်းဖြူ(ပြန်/ဆက်)

 

mdn