လွိုင်ကော် ၃၁ ဒီဇင်ဘာ

 

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၏ ဒုတိယအကြိမ် သုတေသနဂျာနယ်ထုတ်ဝေခြင်းနှင့် Product Show အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် (၁၀)နာရီက လွိုင်ကော်မြို့၊ ကွန်ပျူတာ တက္ကသိုလ်(လွိုင်ကော်) ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးနှင့် ကွန်ပျူတာ တက္ကသိုလ် (လွိုင်ကော်)မှ ဒုတိယ ပါမောက္ခချုပ်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြသည်။

 

mdn

 

ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုပြုလုပ်သည့် အခမ်းအနားသည် ပြည်နယ် အတွင်းကွန်ပျူတာ အတတ်ပညာရှင်များ ပိုမိုတိုးတက် များပြားလာအောင်ပြုစုပျိုးထောင်ပေးနေသည်ဟု မှတ်ယူရနိုင်ပါကြောင်း၊ တက္ကသိုလ် ဆရာ ဆရာမများ ရေးသားထုတ်ဝေသည့် သုတေသန စာတမ်းများနှင့် ကျောင်းသား/သူများ၏ တီထွင်ဖန်တီးမှုများ ပြုလုပ်နေသည်မှာလည်း အားရကျေနပ်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများ ဖြစ်စေရေးအတွက် ပညာရပ်ဆိုင်ရာ လေ့လာမှုများ၊ သင်ကြားရေးလုပ်ငန်းများအပြင် အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် အနေနှင့် သုတေသန ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ချက်အောင်မြင်မှုကို တခမ်းတနား တွေ့မြင်ရပါကြောင်း၊ ပညာရပ်ဆိုင်ရာသင်ကြားပေးရုံသာမက တီထွင်ဖန်တီးမှု စိတ်ကူးများမှတစ်ဆင့် လေ့လာဆန်းစစ် ဖန်တီးထားသည့် သုတေသန ဂျာနယ်များ(၈၉)စောင်နှင့် Product Show(25) ခုကို ပြသသွားမည်ဟု သိရှိရပါကြောင်း၊ လိုအပ်ချက်များ၊ အားနည်းချက်များကို စုပေါင်း အင်အားဖြင့် ဖြတ်ကျော်ကြမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးမှ ပြပွဲကျင်းပပြုလုပ်ရင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်မြင့်အေးက ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက်ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ကျောင်းသား/သူများမှ သင်ကြားသင်ယူမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းခဲ့ကြသည်။

 

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများမှ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ကျောင်းသား၊ ကျောင်းသူများ၏ Product Show နှင့် Product Show များပြသခြင်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား