ကျန်ရှိနေသေးတဲ့ အဖွဲ့တွေကလည်း ဒီစာချုပ်ကို လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ပါတယ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့၏ မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ် နှင့်ပတ်သက်၍ Myanmar Digital News မှ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang က “တိုင်းရင်း သားအဖွဲ့အစည်းနှစ်ခုက အခုလို တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတာဟာ ကောင်းမွန်တဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ရဲ့ ရည်ရွယ်ချက်ဟာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပါဝင်လာဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါကတော့ မြန်မာအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်လာခဲ့တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေ အားလုံးက အောင်မြင်မှုရရှိဖို့အတွက် အင်မတန် ကြိုးစားခဲ့ရပါတယ်။ ကျွန်တော့် အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ 

ဒီလိုတိုးတက်မှု ရရှိတာဟာ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ တွန်းအားပေးတာက အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့လို့ ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးမဆို အားလုံးဝိုင်းဝန်းပြီးတော့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ်။ အဲ့ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အခုတိုင်းရင်းသားအဖွဲ့အစည်းနှစ်ခုက တစ်တိုင်းပြည်လုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမယ်။

တခြားအဖွဲ့တွေလည်း လက်မှတ် ရေးထိုးဖို့ ကျန်နေပါသေးတယ်။ အခုလို လက်မှတ်ရေးထိုးတာဟာ ကောင်းမွန်တဲ့ စတင်မှု ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေကလည်း ဒီစာချုပ်ကို လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်တော်တို့ အင်မတန် အလေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတွန်းအားပေးဖို့ ကျွန်တော်တို့ တစိုက်မတ်မတ် လုပ်ဆောင် နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား အဖွဲ့အစည်းတစ်ချို့ကတော့ တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။ နှစ်ဖက် စလုံးက အခုလိုတွေ့ဆုံဆွေးနွေးမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့် ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းအားပေးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစိုက်မတ်မတ် ထောက်ခံခဲ့ပါတယ်။ အပြန်အလှန် ယုံကြည်မှုလည်း မြှင့်တင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိအောင် တရုတ်နိုင်ငံက ဆက်လက်ပြီးတော့ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက သဘော တူညီမှု လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရကြားစေ့စပ်ညှိုနှိုင်း မှုတွေ ပြုလုပ်ပေးနေပါတယ်။

တွေ့ဆုံမေးမြန်း
စုရည်မွန်၊ ကျော်ထိုက်စိုး
ဓာတ်ပုံ-ကျော်ထိုက်စိုး