နေပြည်တော် ဒီဇင်ဘာ ၁၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် Telecom International Myanmar Co.,Ltd (Mytel) တို့ ပူးပေါင်းပြီး “Cyber Security in the Digital Age” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေသူများနှင့် နည်းပညာရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်က ICT နည်းပညာသည် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသည်နှင့်အညီ မြန်မာနိုင်ငံတွင် အစိုးရဌာနများမှ e-Government လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြကြောင်း၊ ပုဂ္ဂလိကအပိုင်းရှိ စီးပွားရေးလုပ်ငန်းများတွင် Online ဝန်ဆောင်မှုများ တိုးတက်များပြားလာလျက်ရှိကြောင်း၊ ထိုသို့တိုးတက်လာမှုများသည် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိသကဲ့သို့ နည်းပညာကို အသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံ ဆောင်ရွက်လာကြသည့်အတွက် အစိုးရအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများအနေဖြင့် မိမိတို့၏ ကွန်ရက်လုံခြုံရေးအတွက် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာရှင်များဖြင့် တောင့်တင်းခိုင်မာသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖြည့်တင်းခြင်း၊ နိုင်ငံတကာ၏ အတွေ့အကြုံကောင်းများကို စဉ်ဆက်မပြတ်လေ့လာခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် Telecom International Myanmar Co.,Ltd (Mytel) CEO က အမှာစကား ပြောကြားပြီး ဗီယက်နမ်နိုင်ငံ၊ Viettel ကုမ္ပဏီမှ Security Operation Center (SOC) အကြံပြုချက်များနှင့် SOC Cloud ဝန်ဆောင်မှုအကြောင်း မိတ်ဆက်တင်ပြသည်။
ယင်းနောက် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး “Safeguarding Data, Privacy and Infrastructure” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


