နေပြည်တော်    ၃၀   ဇူလိုင်

မြန်မာနိုင်ငံတွင် ကြံရွက်ဖြူရောဂါ(white leaf ​ရောဂါ) ကျ​ရောက်မှု​ တွေ့ရှိလာ​နေပြီဖြစ်သည်။ ​ရောဂါပြင်းထန်မှု အ​ခြေအ​နေ​ပေါ်မှုတည်၍ ကြံအထွက်နှုန်းကို ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနိုင်ပြီး သကြားအထွက်နှုန်း ၂၀ ရာခိုင်နှုန်းမှ  ၃၀ ရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနိုင်သဖြင့် ကြံ​တောင်သူ​များနှင့် သကြားစက်​လုပ်ငန်း လုပ်ကိုင်သူများ သတိထားရမည့် ရောဂါဖြစ်ကြောင်း ဇူလိုင် ၂၉ ရက် က ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပသည့် ကြံသီးနှံ နည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက် သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်က ပြောသည်။

 

ပေါက်ခေါင်းမြို့နယ်၊ စက်တုံးကျေးရွာတွင် ကြံရွက်ဖြူရောဂါကျရောက်နေသည့် တောင်သူဦးတင်ထွေး၏ ကြံစိုက်ခင်း၌ ကျင်းပသည့်  ကြံသီးနှံနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းနှင့် ခရိုင်၊ မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများ စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ၊ နဝဒေးသကြားစက်ရုံနှင့် အင်ငါးခွ သကြားစက်ရုံတို့မှ စက်ရုံမှူးများ၊  ကြံသကြားဆိုင်ရာပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသနေ ကြံစိုက်တောင်သူများ တက်ရောက်ကြသည်။

 

ကြံရွက်ဖြူရောဂါကျရောက်သည့် ကြံပင်များတွင် ကြံရွက်များဖြူလာကာ အပင်ကြီးထွားမှု  ရပ်တန့်သွားမည် ဖြစ်ပြီး နောက်ဆုံးတွင် ကြံပင်သေသွားမည်ကြောင်း၊ ကြံလမိုင်းခင်းများတွင် ဆိုးရွားစွာ ကျရောက်နိုင်ကြောင်း၊ အပင်၏ အစာကြောစည်းအတွင်းရှိ ဖိုက်တိုပလပ်စ်မာကြောင့်  ပင်ပြလက္ခဏာအဖြစ် အရွက်အလယ်ကြောများ ဝါလာမည် ဖြစ်ကြောင်း၊ အဆိုပါရောဂါသည် အပင်ပေါက်ချိန်မှ ကြီးထွားမှုအဆင့်တိုင်းတွင် ကျရောက်နိုင်ကြောင်း၊ ရောဂါပျံ့နှံ့မှုအနေဖြင့် ကြံမျိုးပိုင်းက စတင်နိုင်သကဲ့သို့ အင်းစက်ဗက်တာ (၂)မျိုးကြောင့်လည်း ကူးစက်နိုင်ကြောင်း၊ သို့ဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ကြံရွက်ဖြူရောဂါ ကာကွယ်နှိမ်နင်း နည်းစနစ်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် အလေးအနက်တိုက်တွန်း ပါကြောင်းနှင့် အကူအညီလိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးများနှင့် တောင်သူနည်းပညာပေးစင်တာ များတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း ညွှန်ကြားရေးမှူး က ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို သကြားထွက် သီးနှံဌာနခွဲ  ညွှန်ကြားရေးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး တို့က ရှင်းလင်းဖြေကြားကြပြီး တောင်သူများအား နည်းပညာပေးလက်ကမ်းစာစောင်များနှင့် သွင်းအားစုများ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

 

ဆက်လက်၍ ရှင်းလင်းဆောင်အနီး ခင်းကျင်းပြသထားသော ပြကွက် ပြခန်းများတွင် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက ကြံရွက်ဖြူရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊  ကာကွယ်နှိမ်နင်း နည်းစနစ်များကို အသေးစိတ် ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)