နေပြည်တော် ၊ ၂၂ ဒီဇင်ဘာ
ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ယုဇနကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများ၊ ကြံသကြားစက်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ ကြံသကြား ထုတ်လုပ်မှုအရှိန်အဟုန် လျော့ကျမသွားစေရေး၊ ကြံစိုက်တောင်သူများနှင့် ကြံသကြားစက် လုပ်ငန်းရှင်များအတွက် သင့်တင့်သော အကျိုးအမြတ် ဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သည့် နည်းပညာ အကူအညီများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကာလ ရင်ဆိုင်ဖြတ်ကျော်ရသည့် ကြံစိုက်ပျိုးထုတ်လုပ်မှု၊ သယ်ယူကြိတ်ခွဲလုပ်ငန်း၊ သကြားထုတ်လုပ်မှုအခြေအနေများနှင့် ပြည်တွင်း ပြည်ပ သကြားစျေးကွက် အခြေအနေများကိုလည်းကောင်း၊ ကြံစိုက်ပျိုးစရိတ် သွင်းအားစုနှင့် ခုတ်သိမ်းသယ်ယူပို့ဆောင်ရေး စသည့် ကြံတောင်သူ၏ ထုတ်လုပ်စရိတ်နှင့် အကျိုးအမြတ်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ သကြားစက်ရုံ စက်စွမ်းအားမြှင့်တင်ခြင်း၊ Refined Sugar ထုတ်လုပ်ခြင်းနှင့်ကြံသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ရေးဆွဲရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲရလဒ်များအဖြစ် လာမည့်ကြံစိုက်ရာသီတွင် သကြားစက်နှင့် ကြံစိုက်တောင်သူများအကြား Contract Farming စနစ်ဖြင့် ကြံသီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယုဇနကုမ္ပဏီလီမိတက်က လာမည့်နှစ် ကြံရာသီများတွင် ပျဉ်းမနား သကြားစက်ရုံအား ဆက်လက် လည်ပတ်သွားမည်ဖြစ်၍ ဒေသနေ ကြံတောင်သူများအနေဖြင့် ကြံသီးနှံကို ဆက်လက်စိုက်ပျိုးသွားနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေး ဦးစီးဌာနက ကြံမျိုးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


