နေပြည်တော် ဖေဖော်ဝါရီ ၂၃
ကြံသီးနှံရိတ်သိမ်းစက်သရုပ်ပြပွဲနှင့် စက်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ရွှေညောင်မြို့ မြဘုရင်သကြားစက်ရုံ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း စသည့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တိုင်းတွင် စက်ကိရိယာများ အပြည့်အဝအသုံးပြု လုပ်ကိုင်နိုင်သော ခေတ်မီစက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်မှသာ လုပ်သားရှားပါးမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အခက်အခဲများကို အောင်မြင်စွာဖြတ် ကျော်ပြီး ထုတ်လုပ်မှုအရေအတွက်နှင့် အရည်အသွေး သိသာစွာတိုးတက်လာမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ ဒေသရေမြေနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရန် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊
မြန်မာနိုင်ငံတွင် သကြားစက်ရုံ(၂၅)ခုရှိပြီး ကုန်ကြမ်းရရှိနိုင်မှုအခြေအနေအရ တစ်နှစ်လျင် ရက်(၁၀၀)ခန့်သာ လယ်ပတ်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာ ရေးနှစ်တွင် ကြံစိုက်ဧက(၄၀၈၀၀၀)ကျော်မှ ပျမ်းမျှ ၂၆ ဒသမ ၆၅တန် ထွက်ရှိခဲ့သဖြင့် ပန်းတိုင်အထွက်နှုန်း တစ်ဧက တန်(၃၀)ရရှိရေး ကြိုးပမ်းကြရန် လိုအပ်လျက်ရှိကြောင်း၊ မျိုးမှန်နည်းမှန် ဓါတ်မြေဩဇာအချိုးအဆမှန် အသုံးပြုစိုက်ပျိုးပြုစုပြီး ရိတ်သိမ်းရမည့်ကာလ ရိတ်သိမ်းသည့်စနစ်မှန်ကန်စွာ ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်းအပြည့်အဝရရှိနိုင် မည်ဖြစ်ပြီး တောင်သူလည်းအကျိုးရှိ သကြားစက်ရုံများအတွက်လည်း ကုန်ကြမ်းရရှိကာ စက်စွမ်းအားပြည့်လယ်ပတ်နိုင်ကြမည်ဖြစ်၍ တောင်သူနှင့်လုပ်ငန်းရှင်များ အချိတ်အဆက် မိမိ ပူးပေါင်းကြိုးပမ်းကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနေမှု၊ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်ပေးနေမှု၊ ဒေသဝမ်းစာဖူလုံမှုနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ တောင်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ဆွေးနွေး ပြောကြားသည်။
ထိုနောက် မြဘုရင်သကြားစက် တာဝန်ရှိသူက ကြံသီးနှံရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်း ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် Case IH A9000 အမျိုးအစား ခေတ်မီကြံသီးနှံရိတ်သိမ်းစက်ဖြင့် လက်တွေ့ရိတ်သိမ်းခြင်း၊ ကြံစိုက်ခင်းအတွင်း စက်ယန္တရားအသုံးပြု၍ ကြားပေါင်းလိုက်ခြင်း၊ ဓါတ်မြေဩဇာထည့်သွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဟဲဟိုး မျိုးသန့်ခြံနှင့် အောင်ပန်းဒေသသုတေသနဖွံ့ဖြိုးရေးစခန်းများ၏ လုပ်ငန်းများ၊ အောင်ပန်းခြံ အတွင်း စိုက်ပျိုးထားရှိသော တရုတ်၊ ဩစတေးလျနှင့် မက္ကဆီကို ဂျုံမျိုး စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ ပုဂ္ဂလိကပိုင် စပျစ်စိုက်ခင်း များကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အလားအလာနှင့် ကုန်ချောထုတ်လုပ်ရောင်းချနိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။
ခရီးစဉ်အတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စားရေရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်