နေပြည်တော်၊ ၄ ဒီဇင်ဘာ

ကမ္ဘာ့အဆင့် ရှားပါးတောရိုင်းတိရစ္ဆာန် အမျိုးအစားဖြစ်သည့် ကြံ့သူတော်တစ်ကောင်အား ဒေသခံ ပြည်သူနှင့်သစ်တော ဦးစီးဌာနတို့ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

 

အမဲလိုက်မုဆိုးများ ထောင်ထားသည့် ထောင်ချောက်မှ လွတ်လာသည့် ကြံ့သူတော်အား ဒေသခံ တစ်ဦးမှ စောင့်ရှောက်ထားကြောင်း လူမှုကွန်ရက်တွင် ပါရှိသည့် သတင်းကို တနင်္သာရီ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဆက်လက်စုံစမ်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့နယ် အမှတ်(၉)ကျေးရွာအနီးရှိ ဥယျာဉ်ခြံတွင် နေထိုင်သည့်  ဦးအောင်စိုးမိုးက သိန်းခွန်းကြိုးဝိုင်းအတွင်း ထောင်ချောက်မှ လွတ်လာပြီး ဒဏ်ရာအနာတရဖြစ်နေသည့် ကြံ့သူတော် ကို ၎င်းနေအိမ်သို့ ခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူများ သွားရောက်၍ ဆေးကုသပေးခဲ့ပြီး ကြံ့သူတော်အား ထိန်းသိမ်းစောင့်ရှောက်ထားသူ ဦးအောင်စိုးမိုးအား အများပြည်သူနှင့် သစ်တော ဦးစီးဌာနဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေကျပ် ၄၂၀,၀၀၀ ကျပ် ကို ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ကြံ့သူတော်သည် အမဖြစ်ပြီး အလျား (၆) ပေ၊ လုံးပတ် (၆) ပေ ရှိပြီး၊ ပေါင် (၂၅၀) ခန့် အလေးချိန်ရှိကာ မြန်မာနိုင်ငံတောင်ပိုင်းတွင်သာ တွေ့ရှိရသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဥပဒေအရ လုံးဝကာကွယ်ထားသည့် မျိုးစိတ်ဖြစ်ကြောင်းနှင့်  မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ် ဖြစ်သည်။

 

ဒဏ်ရာရထားမှု ပျောက်ကင်းသွားပါက ကြံ့သူတော်အား ရေဖြူမြို့နယ်၊ တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း၊ မိချောင်းလှောင် စခန်းသို့ ပြောင်းရွှေ့၍ စောင့်ရှောက်ထားမည် ဖြစ်ပြီး ကျန်းမာသန်စွမ်း လာပါက ၎င်းကျက်စားနေထိုင်သည့် နေရင်းဒေသတွင် လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့အဆင့် ရှားပါးတောရိုင်းတိရစ္ဆာန်ဖြစ်သည့် ကြံ့သူတော်အား အများပြည်သူနှင့် အစိုးရဌာနတို့ ပူးပေါင်း၍ ကာကွယ်ထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နောင်တွင်လည်း တောရိုင်းတိရစ္ဆာန်များအား အလားတူတွေ့ရှိရပါက အချိန်မီ ကာကွယ်စောင့်ရှောက်နိုင်ရေး သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့ ကူညီသတင်းပို့ပေးကြပါရန် တိုက်တွန်းကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)