ကမမောင်း ၂၈ ဇန်နဝါရီ
ရော်ဘာအစေးခြစ်ခြင်းနှင့် ခြံပြုစုထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ ကမမောင်းမြို့၊ ကျွန်းတောကျေးရွာရှိ ဦးမျိုးချစ်၏ ရော်ဘာခြံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစောတင်မောင်စိန်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ခင်သီနွယ်နှင့် GRO Myanmar အဖွဲ့မှ အကြီးတန်းအရာရှိ ဦးကျော်စွာဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစောတင်မောင်စိန်က ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှုန်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိလာပြီးဖြစ်သဖြင့် ရော်ဘာထုတ်လုပ်မှု အရည်အသွေး မြင့်မားစေရေး၊ ရော်ဘာအစေးခြစ်နည်း မှန်ကန်ပြီး စနစ်တကျဖြစ်စေရေး၊ တန်ဖိုးမြင့် အဆင့်အတန်းဝင် ရော်ဘာများ ထုတ်လုပ်သွားနိုင်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် ရော်ဘာအစေးခြစ်နည်း၊ ဓားသွေးနည်း၊ ခြံပြုစုထိန်းသိမ်းနည်းနှင့် အရည်အသွေးမြင့် ရော်ဘာပြား ထုတ်လုပ်နည်းများကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာ ဆရာမ သုံးဦးတို့က သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

သင်တန်းကို ၆ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၇၂ ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကြီးမှူးကျင်းပ၍ GRO Myanmar အဖွဲ့မှ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)