ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များသည် ယနေ့ နံနက် ၈ နာရီတွင် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း မြေအောက်ရေမြောင်းအတွင်း အုတ်သားနံရံများ ပြိုပျက်သဖြင့် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ပုလဲမဟာမြိုင်ပန်းခြံ၌ မြေယာရှုခင်း ပြုပြင်ထားရှိမှု၊ အလှပန်းပင်များ စိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း၊ လူကူးသစ်သားတံတားအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ငါးပြတိုက်ဟောင်းကျွန်း၌ အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျွန်းပေါ်ရှိ ပန်းပင်များကို ပုံသွင်းအလှဆင်ထားရှိမှု တို့ကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းအမှတ် ၃၅၁၊ ၃၆၁ ရှိ ယခင်မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာရှိ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်၌ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ရေမြောင်းမြေထိန်းနံရံ အရှည် ပေ ၃၀၀ တည်ဆောက်ပြီးစီးမှု၊ ရေလမ်းကြောင်းလွှဲ၍ ကုန်တင်ရထားလမ်းကူးတံတား တည်ဆောက်နေမှုနှင့် လုပ်ငန်းခွင်အတွင်း ရေဝင်ရောက်မှုကို စုပ်ထုတ်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နံနက် ၁၁ နာရီတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပသော ကော်မတီဝင်များ၊ ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၂) သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှုများ တင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်