၂၇ မေ
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို မကြာခဏ လူတွေက လာမေးကြတယ်။ စိုးရိမ်မှုတွေနဲ့ စိတ်ပူနေကြတယ်။ တစ်ဖက်ကလည်း ကိန်းဂဏန်းတွေအရ တိုင်းပြည်ရဲ့ အခြေအနေက ကောင်းနေတာ။ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ကလည်း ဂျီဒီပီ ထုတ်လုပ်မှုညွှန်းကိန်းတွေက ကောင်းနေတယ်လို့ ဟောကိန်းထုတ်နေကြတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါမှာ အခက်အခဲတွေ ကြုံနေရတာသိရပြန်တယ်။ အစိုးရဝန်ကြီးဌာနတွေကတော့ အခြေအနေကောင်းကြောင်းကို ပြောနေကြတာ ထုတ်ပြန်နေရတာ။ ဘာကိုယုံရမလဲ၊ ဘယ်သူ့ကို ယုံရမလဲ။ စီးပွားရေးပညာကို အထူးပြုမိတာ မှားပြီထင်ပါရဲ့။ အမှန်တော့ နိုင်ငံရဲ့စီးပွားရေးအနေအထားကို စီးပွားရေးရှုထောင့်တစ်ခုတည်းက ကြည့်ရုံနဲ့ မလုံလောက်ဘဲ နိုင်ငံရေးဘောဂအမြင်နဲ့ သုံးသပ်မှ ပြည့်စုံမှာဖြစ်တယ်။
အကောင်းနဲ့အဆိုး အမြဲဒွန်တွဲ
၂၀၁၀ ရွေးကောက်အပြီး တက်လာတဲ့အစိုးရဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ခဲ့တယ်။ ဖြေလျှော့မှုတွေ လုပ်ပေးခဲ့တယ်။ အထူးခြားဆုံးကတော့ ဆက်သွယ်ရေးကဏ္ဍမှာ တစ်ချိန်က ကျပ် ၂၅ သိန်းလောက် ပေးခဲ့ရတဲ့ ဖုန်းကတ်ကို ကျပ် ၁၅၀ဝ နဲ့ ရောင်းချနိုင်ခဲ့တယ်။ ဖုန်းကတ်တစ်ခု အဲဒီလောက်ဈေးကြီးတာကို ကိုယ်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတယ်။ မြန်မာပြည် ပြန်ရောက်စ ဖုန်းကတ်ကို မိတ်ဆွေတစ်ယောက်ဆီက ကျပ် ၂၅ သိန်းပေးပြီးရခဲ့တယ်။ ရောင်းတဲ့ သူကိုလည်း ကျေးဇူးရှင်အနေနဲ့ သတ်မှတ်ခဲ့တယ်။
အမှန်တော့ ဒီဖုန်းကတ်တွေကို အိတ်ကပ်ထဲမှာထည့်ပြီး အလကားပေးနိုင်တဲ့သူတွေက ရှိနေတာ။ အဆမတန် ဈေးကြီးနေတဲ့ မော်တော်ယာဉ်တွေကိုလည်း ဈေးသက်သက်သာသာနဲ့ တင်သွင်းခွင့်ပြုခဲ့တယ်။ ဒါကြောင့်လည်း လူတိုင်းကားတွေ အလုအယက်ဝယ်ကြတယ်။ အငှားယာဉ်တွေ အဆမတန် များခဲ့တယ်။ လက်ဝဲလက်ယာကိုမကြည့်ဘဲ တစ်ပတ်ရစ်ကားတွေကို မျက်စိမှိတ်ပြီး သွင်းခွင့်ပြုခဲ့တယ်။ အခုလိုလုပ်ခဲ့တဲ့ အတွက် ရန်ကုန်မြို့မှာ ကားက အချိန်မရွေးကျပ်နေတာ။ လက်ကိုင်ဖုန်းတွေကို လူတိုင်းသုံးနိုင်လာသလို လူမှုကွန်ရက်ရဲ့ ပျံ့နှံ့မှုကလည်း လူမှုရေးသာမက၊ နိုင်ငံရေး အထူးသဖြင့် အမုန်းတရားတွေကို ဖြန့်ဝေနိုင်ခဲ့တယ်။ လူငယ်လူကြီး အားလုံးဟာ ဒါနဲ့ အချိန်ကုန်နေတော့တယ်။ တစ်နေ့မှမကြည့် ရင် ခေတ်မမီဘူးလို့ မြင်လာကြတယ်။ ဆယ်လီဖြစ်ချင်ကြ တဲ့သူတွေအတွက်တော့ အဆင်ပြေလှတယ်။ အကောင်းနဲ့ အဆိုး အမြဲဒွန်တွဲနေတာ ဖြစ်တယ်။
ပြည်သူတွေရဲ့မျှော်လင့်ချက်မြင့်မားနေ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ မိုးကောင်းကင်အထိ မြင့်ခဲ့တာ။ ဒီမိုကရေစီအစိုးရကို ပထမဦးဆုံးအကြိမ် ရွေးချယ်တင်မြှောက် ခွင့်ရခဲ့တာမို့ အားလုံးက ကျေနပ်ကြတယ်။ တစ်ဖက်ကလည်း စီးပွားရေးနဲ့ ပတ်သက်လို့ သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရုံမက ရင်းနှီးမြှုပ်နှံမှုတွေ အလုံး အရင်းဝင်လာမယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင် အခုလိုပဲ ယူဆခဲ့တာ။ ဒါကြောင့်လည်း အစိုးရ တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး အခြေအနေတွေ ကောင်းလာခဲ့တယ်။ ဒါပေမယ့် အခုလို စီးပွားရေးအရှိန်ယူ နေချိန်မှာ ရခိုင်ပြည်နယ် အရေးအခင်းပေါ်လာခဲ့တယ်။ ၂၀၁၆ အောက်တိုဘာလနဲ့ နိုဝင်ဘာလမှ ပထမအကြိမ်ပေါ်လာခဲ့ပြီး ဒုတိယအကြိမ် ဩဂုတ်လ ၂၀၁၇ မှာတော့ မထင်မှတ်တာတွေ ဖြစ်ခဲ့တယ်။ ဒီအကျိုးဆက်တွေကြောင့် နိုင်ငံတကာ ဖိအား ပေးမှုတွေခံခဲ့ရတယ်၊ ခံနေရတယ်။ နိုင်ငံရေးသာမက စီးပွားရေးဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းလာသလို ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို ထိခိုက်ခဲ့တယ်။
ဒီအခြေအနေတွေ တုံ့ပြန်နိုင်ဖို့ အစိုးရက ပုံစံအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနအသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဖိအားကို “အရှေ့သို့” ဆိုတဲ့ အစီအစဉ်နဲ့ တုံ့ပြန်ခဲ့တယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့တယ်။ တစ်ဖက်မှာ အိန္ဒိယနိုင်ငံနဲ့လည်း ဆက်သွယ်မှုတွေ တိုးမြှင့်လာခဲ့တယ်။ အမှန်တော့ မြန်မာနိုင်ငံရဲ့ သဘာဝအနေအထားနဲ့ ပထဝီအနေအထားဟာ အခွင့်သာလှတာဖြစ်တယ်။ လူဦးရေသန်းတစ်ထောင်ကျော်စီရှိတဲ့ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ အိမ်နီး နားချင်းနိုင်ငံ။ အာဆီယံအဖွဲ့အစည်းရဲ့ ဈေးကွက်ဟာလည်း သန်း ၆၀ဝ ကျော်။ ဒီဈေးကွက်တွေ အားကိုးပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကို ဆောင်ရွက်နိုင်မှာ။
ဝင်ငွေအများစုသည် အခွန်ပေါ်မူတည်
ကျွန်တော့်အနေနဲ့က စီးပွားရေးတိုးတက်လာဖို့ အချက်နှစ်ချက်ကို အာရုံပြုစေချင်တယ်။ ပထမကတော့ အခွန်ဖြစ်တယ်။ အခွန်နဲ့ပတ်သက်လာရင် အခြေခံစဉ်းစားချက်တွေကို ပြန်လည်သုံးသပ်ရမယ်။ အခွန်နဲ့ပတ်သက်လာရင် ပေးရမယ့်သူနဲ့ ကောက်တဲ့သူရဲ့အမြင်ဟာ မတူကြသလို ဆန့်ကျင်နေတာကို သိရမယ်။ အခွန်ကို ဘာကြောင့်ကောက်တာလဲ။ ယေဘုယျအား ဖြင့် အခွန်ဟာ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေအဖြစ် မြင်ကြတယ်။
အစိုးရဟာ ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ ဝင်ငွေလိုအပ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ အစိုးရရဲ့ ဝင်ငွေအများစုဟာ အခွန်ကရတာဖြစ် တယ်။ ဒါကြောင့် tax and spendဆိုတဲ့ အခွန်ကောက်ပြီး ရလာတဲ့ဝင်ငွေအတွက် ပြည်သူတွေရဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးဆောင်တာ။ ဒီအခြေခံအချက်ကို နိုင်ငံရေးဘောဂ ဗေဒရဲ့ ရှုထောင့်ကသုံးသပ်ကြပြီး အနောက်နိုင်ငံတွေမှာ အပြန်အလှန် ဝေဖန်ဆွေးနွေးပြီး ငြင်းခုံနေကြတယ်။ လက်ဝဲလက်ယာရှုထောင့်ကတစ်ဆင့် သုံးသပ်ကြတယ်။ tax and spend အယူအဆကို လက်ဝဲ ဝါဒီတွေက လက်ခံထားကြပြီး လက်ယာဝါဒီအရ ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ငွေကို အစိုးရက အခွန်နဲ့ယူပြီး အများအတွက် သုံးတာကို မကျေနပ်ကြတာ တွေ့ရတယ်။ အခွန်ဟာ ကြွယ်ဝ ချမ်းသာမှုကိုဖြန့်ဝေတဲ့ စီးပွားရေးမူဝါဒတစ်ရပ်အနေနဲ့ ရှုမြင်တာရှိတယ်။ ချမ်းသာသူတွေဆီက အခွန်တွေများများကောက်ပြီး ဝင်ငွေနည်းသူတွေဆီက လျှော့ကောက်ကြတယ်။
အခွန်နှုန်းနှင့် အခွန်ပမာဏ
တစ်ဖက်က ကြည့်ပြန်ရင် အခွန်ဟာ ပေးသူအတွက် မက်လုံးဖြစ်တယ်။ အခွန်လျှော့ကောက်ရင် စီးပွားရေးလုပ်သူ တွေအတွက် ပိုပြီးလုပ်ချင်တဲ့စိတ်ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။ ရတာတွေကို အခွန်ပေးရရင် ဝင်ငွေထပ်ရှာဖို့ မက်လုံးမရှိတော့ဘူး။ ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ အခွန်လုံးဝ မကောက်သင့်ဘူးလို့ တောင်းဆိုနေကြတာတွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခွန်နဲ့ပတ်သက်လာရင် အခြေခံသဘောထား မရှိတာ တွေ့ရတယ်။ ဒါကတော့ အခွန်နှုန်းနဲ့ အခွန်ပမာဏ ဖြစ်တယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြားသိဖို့ လိုတယ်။ အစိုးရအနေနဲ့ ဘာလိုချင်တာလဲ။ အခွန်ပမာဏတိုးတာလိုချင်တာ။ အခွန်နှုန်းမြင့် လိုက်ရုံနဲ့ အခွန်ပမာဏတိုးလိမ့်မယ်လို့ မြင်လို့မဖြစ်ဘူး။မကြာသေးခင်ကာလက အိမ်ခြံမြေအခွန်နှုန်းကို ၃၅ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်တာမို့ အခွန်ရှောင်သူတွေ များလာတယ်။ အနောက်ဥရောပနိုင်ငံတွေမှာ ဝင်ငွေအခွန်ဟာ ၆၅ ရာခိုင် နှုန်းအထိ ရှိနေတာမို့ အလုပ်လုပ်သူတွေ လုပ်ချင်ကိုင်ချင်စိတ် လျော့နည်းသွားတယ်လို့ သုံးသပ်ကြတယ်။
အစိုးရအနေနဲ့ အခွန်ကောက်တာနဲ့ အခွန်ရတာကိုလည်း ကွဲကွဲပြားပြားသိရမယ်။ လိုချင်တာက အခွန်ရစေချင်တာ။ အခွန်ရစေချင်ရင် အခွန်ပေးချင်တဲ့ဆန္ဒရှိလာအောင် ဘယ်လို ဆောင်ရွက်မလဲ စဉ်းစားရမှာ။ အခွန်ပေးမှုကို အလွယ်ကူဆုံး ဖြစ်အောင် ဖန်တီးရမှာ။ အခုခေတ်မှာ နည်းပညာအသစ်တွေ အားကိုးပြီး ဆောင်ရွက်နိုင်မှာ။ အင်တာနက်ကတစ်ဆင့် အခွန်ပေးချင်အောင် မလုပ်သင့်ဘူးလား။
အတိုးနှုန်းမြင့်မားခြင်းက လုပ်ငန်းရှင်များ တွက်ခြေမကိုက အခွန်ဟာ အရေးပါသလို အတိုးဟာလည်း အရေးပါတယ်။ ဘဏ်တိုးနှုန်းဟာ အပ်ငွေ အတွက် ၈ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေ အတွက် ၁၃ ရာခိုင်နှုန်း ဖြစ်တယ်။ အတိုးနှုန်းနဲ့ ပတ်သက်လာရင် ငွေချေးချင်တဲ့သူတွေ၊ ဘဏ်တွေ၊ ဗဟိုဘဏ်ရဲ့ အတွေးတွေ၊ အယူအဆတွေက မတူညီကြဘူး။ ငွေချေးတဲ့သူက အတိုးနှုန်းကို သက်သက်သာသာနဲ့ လိုချင်မှာပဲ။ ငွေချေးတဲ့သူအနေနဲ့တော့ အတိုးနှုန်းမြင့်တာကို ကျေနပ်မှာမဟုတ်ဘူး။ ဘဏ်တွေမှာရှိတဲ့ ငွေတွေဟာလည်း အတိုးနှုန်းကိုမျှော်ပြီး အပ်ထားကြတဲ့ ငွေတွေဖြစ် ပြန်တယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေရဲ့ အတိုးနှုန်းဟာ အလွန်နည်းနေတာ ဖြစ်တယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ အတိုးနှုန်းဟာ မြန်မာနိုင်ငံရဲ့ အတိုးနှုန်းနဲ့ သိသိသာသာ မမြင့်ကြောင်း ပြောကြပြန်တယ်။ တစ်ခုသေချာတာက အသေးစား၊ အလတ်စား လုပ်ငန်းရှင် တွေဟာ ၁၃ ရာခိုင်နှုန်း အတိုးနဲ့ စီးပွားရေးတွက်ခြေကိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း နိုင်ငံခြားအထောက်အပံ့နဲ့ နှစ်ဆင့် ချေးငွေအစီအစဉ်ကို ပုဂ္ဂလိကဘဏ်တွေက တစ်ဆင့် ငွေချေးနေတာတွေ့တယ်။
အခွန်နဲ့အတိုး
ခွန်နဲ့အတိုးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံစီးပွားရေး လက်နက်တွေ ဖြစ်တယ်။ အတိုးနှုန်းဟာ ငွေကြေးဆိုင်ရာ ပေါ်လစီ (monetary policy) ဖြစ်ပြီး ဗဟိုဘဏ်ရဲ့ တာဝန်ဖြစ်တယ်။ အတိုးနှုန်းတွေ မလျှော့တာမို့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတလုပ်သူက ဗဟိုဘဏ်ကို အပြင်းအထန် ဝေဖန်ခဲ့တယ်။ အတိုးနှုန်းလျှော့မှ စီးပွားရေးလှုပ်ရှားမှု မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ဒါတောင် သူတို့နိုင်ငံရဲ့ အတိုးနှုန်းဟာ ၁ ရာခိုင်နှုန်းလောက်သာ ရှိတာ။ အခွန်နှုန်းကတော့ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီ (fiscal policy) ဖြစ်ပြီး တာဝန်ယူရမယ့် ဝန်ကြီးဌာနက စီမံဘဏ္ဍာ ဝန်ကြီးဌာနဖြစ်တယ်။ ဒီစီးပွားရေးလက်နက်နှစ်ခုကို ညှိနှိုင်းပြီး ကိုင်တွယ်ရမှာ။ ကျွန်တော်ကတော့ လက်ရှိစီးပွားရေး အခြေအနေ တိုးတက်စေချင်ရင် အခွန်နဲ့အတိုးကိုတော့ ပြန်သုံးသပ် ဆန်းစစ်ဖို့ လိုတယ်လို့ မြင်တယ်။ ဒီအတိုင်းဆက်ပြီး ဆောင်ရွက်နေရင် ထူးခြားတဲ့ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူး။ အမှန်တော့ လက်ရှိအခြေအနေမှာ စီးပွားရေးကို လှုပ်နှိုးရမယ်။ တွန်းနှိုးဖို့ လိုမယ်ထင်တယ်။ economic stimulus စီးပွား ရေးလှုပ်လာအောင် လုပ်ဖို့လိုတယ်။ ဒီလိုစဉ်းစားတဲ့အခါ အခွန်နဲ့အတိုးကို စဉ်းစားစေချင်လှတယ်။ ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်