၁၃  ဇန်နဝါရီ

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို အကြံပြုသူက ကျွန်တော့်ရဲ့ ဆရာမ ဒေါ်ညွန့်ညွန့်ရင်။ ကျွန်တော်ပထမနှစ် ဥပစာဝိဇ္ဇာတန်းမှာ ဘောဂဗေဒဘာသာကို ပို့ချပေးခဲ့သူ။ ကျွန်တော် နည်းပြဆရာဖြစ်လာတော့ ဆရာမရဲ့ခင်ပွန်း ဆရာဦးမြတ်သိန်းနဲ့ ရင်းနှီးလာခဲ့တယ်။ ဘောလုံးအတူ ကန်ကြတယ်။ ခြေလျင်တောင်တက်ခရီးတွေ ထွက်ခဲ့ကြတယ်။ ဆရာက အုန်းတောဆောင် အဆောင်မှူးဖြစ်တော့ အဆောင်နေကျောင်းသားတွေကို ညဘက်မှာစာသင်ရင်း ပိုပြီးရင်းနှီးခဲ့တယ်။

စီးပွားရေး တက္ကသိုလ်ရဲ့ ဆရာကန်တော့ပွဲ

တစ်နေ့က ကျွန်တော်တို့သုံးဦး စီးပွားရေးတက္ကသိုလ် ၁၉၆၆-၇၀ ခုနှစ် ကျောင်းသား ကျောင်းသူတွေရဲ့ အာစရိယပူဇော်ပွဲမှာ ဆုံခဲ့တယ်။ ဒီဇင်ဘာလဟာ စီးပွားရေးတက္ကသိုလ်ရဲ့ ဆရာကန်တော့ပွဲကာလ။ စုပေါင်းပြီး လုပ်ကြသလို အတန်းလိုက်လည်း ကျင်းပကြတယ်။ ဖိတ်စာပေးရင်းဩဝါဒစကား ပြောပေးဖို့လည်း မေတ္တာရပ်ခံခဲ့တယ်။ ကျွန်တော်က ၁၉၆၆-၇၀ ကျောင်းသား ကျောင်းသူတွေနဲ့ ရင်းနှီးတယ်။ ၁၉၆၆ ခုနှစ်မှာ သူတို့က စီးပွားရေးတက္ကသိုလ်ကို ရောက်လာခဲ့ကြသလို ကျွန်တော်က နည်းပြဆရာဖြစ်ခဲ့တယ်။ ဝါဏိဇဗေဒဌာနမှာ။ ဒါပေမယ့် ခန့်စာမှာ သုတေသနဌာနလို့ ဖော်ပြထားတယ်။ ဌာနမှာတော့နှစ်ဦး။ တစ်ဦးက ပါမောက္ခ ဒေါက်တာ ရော်နယ်ပင်လေး။သူ့ မှာ ပါမောက္ခရာထူးသာရှိပြီး ဌာနမရှိဘူး။ ကျွန်တော့်မှာတော့ နည်းပြဆရာဖြစ်ပြီး သုတေသနဌာန ဆိုပေမယ့် ဝါဏိဇ္ဇဗေဒဌာနမှာ အလုပ်လုပ်ရတာ။ ကျွန်တော်နဲ့အတူ ငါးဦးလည်း နည်းပြဆရာတွေ ဖြစ်ခဲ့တယ်။ နှစ်ဦးကတော့ ကွယ်လွန်ခဲ့ပြီ။ တစ်ဦးကတော့ ကနေဒါနိုင်ငံမှာ။ ဒေါ်စိုးစိုးအောင်၊ ဒေါ်အေးအေးနဲ့ ကျွန်တော်တို့ကတော့ မြန်မာပြည်မှာ။

ဆရာကန်တော့ပွဲကို ကန်တော်ကြီးအနီးအထက် ပန်းဆိုးတန်းလမ်းက Rose Garden Hotel မှာ ကျင်းပခဲ့တယ်။ ဖိတ်စာထဲမှာ မနက် ၉ နာရီခွဲလို့ ဖော်ပြထားပေမယ့် ကျွန်တော်က မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဖို့ ၉ နာရီ မထိုးခင်ရောက်ခဲ့တာ။ ဆရာကန်တော့ပွဲမှာ ကန်တော့ခံရုံသက်သက်မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်တွေ့ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောမကုန်အောင်ပါပဲ။ ၁၉၇၀ ပြည့်နှစ်မှာ ဘွဲ့ရထားသူတွေဖြစ်ကြတာမို့ သူတို့တစ်တွေ အသက်အရွယ်ဟာ ၇၀ နဲ့ ၇၀ ကျော်တွေ၊ မငယ်ကြတော့ဘူး။ တချို့တွေကို မြင်မြင်ချင်းမှတ်မိပေမယ့် တချို့ကိုတော့ ရုတ်တရက် မသိနိုင်တော့ဘူး။ နှစ်ပေါင်း ၄၀ ကျော် ဆိုတော့လည်း ဒီလိုဖြစ်မှာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အင်္ကျီတွေအပေါ်မှာ နာမည်တွေရေးထားတာမို့ အဆင်ပြေလှတယ်။ နယ်ပယ် အသီးသီးမှာ အောင်မြင်ခဲ့သူတွေများတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ လုပ်ငန်းရှင်တွေ ပါဝင်ကြတယ်။ ဒါပေမယ့် အောင်မြင်မှုကို ရာထူးတစ်ခုတည်းနဲ့ မတိုင်း တာသင့်ပါဘူး။ အောင်မြင်မှုဆိုတာ မိမိကိုယ်တိုင် ကျေနပ်မှုရှိ မရှိဆိုတာနဲ့ ဆုံးဖြတ်သင့်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ ပြန်ဆုံတွေ့ကြ

ခန်းမကြီးတစ်ခန်းနဲ့ အခန်းငယ်တွေရှိတာမို့ အခမ်းအနားမစမီ ကန်တော့ခံဆရာ ဆရာမတွေကို အခန်းတစ်ခန်းထဲမှာ ဧည့်ခံခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တွေ့ရတော့ ကြည်နူးမိပါတယ်။ အားလုံးလိုလိုက အငြိမ်းစားတွေဖြစ်တယ်။ ကျွန်တော်သာ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ အလုပ်နဲ့လက်က မပြတ်ဘူး။ အလုပ်များသလားလို့ အမေးခံရရင် ကျွန်တော်က များအောင်လုပ်နေတာလို့ ပြန်ဖြေမိတယ်။ ဆရာကြီး ဦးမြတ်သိန်းက လေဖြတ်ထားတာမို့ သတိထားပြီး လှုပ်ရှားရတယ်။ စိတ်ကတော့ အရင်အတိုင်းပဲ။ ဆရာ့ရဲ့ အစ်မက ကျွန်တော့်ရဲ့ ဆရာမဖြစ်တဲ့ ဒေါ်ရီရီမြင့်။ အမေရိကန်နိုင်ငံနာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Stanfordက MBA ဘွဲ့ရခဲ့သူ။ အခုထိ နယ်ပယ်အသီးသီးမှာ လှုပ်ရှားနေတုန်း။ နောက်တစ်ဦးက ဒေါက်တာ ဒေါ်ခင်အုန်းသန်း။ သူ့ကိုကျွန်တော်က သိပ်အားကျခဲ့တယ်။ ဆရာဦးခင်ညိုကတော့ စီးပွားရေးတက္ကသိုလ် လှေလှော်အသင်းမှာ ရင်းနှီးခဲ့တယ်။ ကန်တော့ပွဲကို တက်လာတဲ့သူတွေကိုကြည့်ရင်း မလာနိုင်တဲ့၊ မရှိတော့တဲ့သူတွေကို သတိရမိတယ်။ အသက် ၇၀ ကျော်သူတွေရဲ့ ဆရာ ဆရာမတွေ ဖြစ်ကြတာမို့ အသက်တွေက ကြီးကုန်ကြပြီ။ မကြာမီက ဆရာကြီး ဦးတင်ထွန်း ဆုံးသွားခဲ့တယ်။

နှစ်စဉ်ဒီပွဲကို သူက တက်နေကျ။ အခမ်းအနားမစမီ ကျောင်းသား ကျောင်းသူတွေက ခန်းမထဲမှာ သီချင်းတွေဆိုပြီး ပျော်နေကြတာ။ ငယ်မူပြန်ပြီး အားရပါးရဆိုနေကြတာ။ တချို့ကတော့ နားထောင်ကောင်းသလို တချို့ ကျပြန်တော့ ဝါသနာကို မတားနိုင်လို့ ထင်ပါရဲ့။ သူတို့ဆိုတဲ့ သီချင်းတွေကလည်း သူတို့ခေတ်က သီချင်းတွေ။ နားထောင်ရင်း ငယ်ငယ်တုန်းကအဖြစ်တွေကို အမှတ်ရနေမိတယ်။

အခမ်းအနားစတဲ့အချိန် ကန်တော့ခံ ဆရာ ဆရာမတွေကို ခန်းမထဲဖိတ်ခဲ့ပါတယ်။ ခန်းမထဲရောက်တော့ (ကန်တော့မယ့်သူတွေက ကြမ်းပေါ်မှာခင်းထားတဲ့ကော်ဇောပေါ်မှာ နေရာယူနေကြတယ်။ ကန်တော့ချိုးတိုင်ပြီး ကန်တော့ကာ ဆရာ ဆရာမတွေကို လက်ဆောင်ပေးကြပြီးမှာ ကျွန်တော်နဲ့ ဒေါ်စိုးစိုးအောင်တို့က ဩဝါဒ စကားပြောကြတယ်။ ကျွန်တော်ကတော့ ဘာပြောမလဲ ဆိုတာကို ကြိုတင်ပြီး စဉ်းစားထားတယ်။ အမှန်တော့ ဒီပွဲတွေမှာ အလေးအနက်တွေပြောတာထက် တိုတိုနဲ့ လိုရင်းမျှဝေဖို့သာ။ ကျွန်တော်မကြာခဏ ပြောသလို ဆရာကန်တော့ပွဲတွေတက်ရရင် သိပ်ကြောက်တာရှိတယ်။ မဆုံးနိုင်တဲ့ မိန့်ခွန်းတွေကြားရမှာ။ တချို့တွေက မပြီး နိုင်တော့ဘူး။ ကိုယ့်အကြောင်းကိုယ်ပြောပြီး အချိန်ကုန်နေတယ်။ ကြိုတင်ပြီး ပြင်တာမဟုတ်ဘဲ စိတ်ထဲပေါ်လာ သမျှကို ပြောတော့တာပါပဲ။ အရိပ်အခြည်လည်း အကဲခတ်တာ မရှိဘူး။

၁၀ မိနစ်စာ ဩဝါဒစကား

ကျွန်တော်ကတော့ ၁၀ မိနစ်အတွင်းကို ယ်ပြောချင်တာ မျှဝေချင်တာကို ပြင်ဆင်ခဲ့တယ်။ ၁၀ မိနစ်ဆိုတာတောင် များလှပြီ။ မိနစ် ၃၀ ပြောကြတဲ့သူတွေကိုတော့ အံ့ဩမိတယ်။ မေတ္တာစေတနာများလွန်းလို့၊ ပြောစရာတွေ များလွန်းလို့ အချိန်ယူတာလို့ပဲ လက်ခံလိုက်ပါတယ်။ အချိန်နဲ့ပတ်သက်လာရင် တလောက ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတွေ့ရှိချက်ကို သတိရမိတယ်။

သုတေသနရဲ့ ဦးတည်ချက်က တစ်ပတ်အလုပ်ရက် ငါးရက်အစား တစ်ရက်လျှော့ပြီး လေးရက်သတ်မှတ်ရင် ကုန်ထုတ်စွမ်းအားအပေါ် လွှမ်းမိုးမှုကို တိုင်းတာဖို့ ဖြစ်တယ်။ အလုပ်လုပ်ရက် တစ်ရက်လျှော့လိုက်တဲ့အခါ ကုန်ထုတ်စွမ်းအား ၄၀ ရာခိုင်နှုန်း တိုးလာကြောင်း၊ တစ်ပတ်မှာ သုံးရက်များတာမို့ အလုပ်လုပ်တဲ့ လေးရက်မှာ စိတ်ရောကိုယ်ပါ အားထည့်နိုင်ကြောင်း တွေ့ရှိခဲ့တယ်။ သုတေသနရဲ့ နောက်ဆက်တွဲတွေ့ရှိချက်က အစည်းအဝေးတွေကို လုပ်တဲ့အခါ မိနစ် ၃၀ ထက် မကျော်ရဆိုတဲ့ အချက်ပဲ။ ကျွန်တော်က ဒီတွေ့ရှိချက်ကို သိပ်သဘောကျတယ်။

ကျွန်တော်တို့မှာတော့ အစည်းအဝေးတွေဟာ အချိန်သတ်မှတ်မှု မရှိကြဘူး။ အစည်းအဝေးစမယ့် အချိန်ကိုသာ ဖိတ်စာထဲပါပြီး အစည်းအဝေးပြီးရမယ့် အချိန်ကို မသတ်မှတ်ထားတော့ ကာလဟာ အကန့်အသတ်မရှိ ဖြစ်နေတော့တယ်။

အငြိမ်းစားရင်း အလုပ်လုပ်ကြမယ်

အသက် ၇၀ တွေကို ဘယ်လိုဩဝါဒပေးမလဲ။ တချို့တွေက ကိုယ့်ထက်အတွေ့အကြုံရှိသူတွေ၊ ရင့်ကျက်သူတွေ။ ဒါကြောင့်တိုတိုနဲ့လိုရင်း မျှဝေခဲ့တယ်။ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာ အရွယ်သုံးပါးအကြောင်း အမြဲသတိပေးလေ့ရှိတယ်။ ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာ။ ဒီအယူအဆ အတွေးအခေါ်ကို ကျွန်တော်ကတော့ လက်မခံဘူး။ အဲဒါကြောင့် တတိယအရွယ် ရောက်နေကြသူတွေကို တရားရှာရုံမဟုတ်ဘဲ ပညာရှာဖို့၊ ဥစ္စာရှာဖို့ တိုက်တွန်းခဲ့တယ်။ သူတို့ဟာ စီးပွားရေး ပညာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က လေ့လာခဲ့တယ်။ အခုချိန်မှာ ပညာရပ် အသစ်တွေ အများကြီး ပေါ်ပေါက်လာတာမို့ ခေတ်နဲ့အညီ သိအောင်၊ တတ်အောင်ကြိုးစားဖို့လိုကြောင်း သတိပေးခဲ့တယ်။ ဥစ္စာရှာမှုနဲ့ ပတ်သက်လာရင် ရမှုတစ်ခုတည်း မဟုတ်ဘဲ ကိုယ်တတ်တာ၊ သိတာကိုမျှဝေဖို့ လိုအပ်တယ်။ လုပ်စရာတွေ အများကြီးရှိနေတဲ့အချိန်မှာ အငြိမ်းစားနေတာက သဘာဝမကျဘူး။ ဒါကြောင့် working retirement လို့ ပြောနေတဲ့ အငြိမ်းစားရင်း အလုပ်လုပ်ကြဖို့ တိုက်တွန်းကြတယ်။ အခုဆိုရင် ဝန်ထမ်းတွေဟာ အသက် ၆၀ ပြည့်ရင် အငြိမ်းစားပေးခြင်းခံရတယ်။ အမှန်တော့ အခုခေတ်မှာ လူ့သက်တမ်းဟာ မြင့်မားလာတယ်။ အသက် ၈၀ ၊ ၉၀ အထိနေနိုင်ကြတယ်။ ဒီတော့ အသက် ၆၀ ပြည့်တာနဲ့ အငြိမ်းစားပေးတာဟာ သဘာဝမကျဘူး။ အလုပ်လုပ်ဖို့ပြောတဲ့နေရာမှာ မနက် ၉ နာရီက ညနေ ၅ နာရီဆိုတဲ့ အလုပ်မျိုး မဆိုလိုပါဘူး။ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ပညာတွေကို အသုံးချနိုင်တယ်။

တ လောက "Rewire nor retine" ဆိုတဲ့ စာအုပ် တစ်အုပ်ဖတ်ခဲ့ရတယ်။ အဓိပ္ပာယ်က အငြိမ်းစားယူမယ့်အစား မိမိရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲဖို့လိုကြောင်း ဖော်ထုတ်ခဲ့တယ်။ လျှပ်စစ်မီးကြိုးအဟောင်းကို အသစ်နဲ့ ပြောင်းသလို အငြိမ်းစားနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေ ပြုပြင်ဖို့၊ အထူးသဖြင့် မိမိကိုယ်မိမိ ဆင်ခြင်ဖို့အရေးကြီးတယ်။ အငြိမ်းစားယူပြီးချိန်မှာ အလုပ်ကို ရွေးလို့ရတယ်။ ငွေရတာကို အခြေခံဖို့မလိုတော့ဘဲ မိမိစိတ်ဝင်စားတာ၊ မိမိဝါသနာပါတာတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတယ်။ နဂိုကတည်းက အငြိမ်းစားဖြစ်နေတာမို့ ဘယ်သူ့ကိုမှ ကြောက်ရွံ့စရာမလိုတော့ဘူး။ အလုပ်ဖြုတ်မှာလည်း စိတ်ပူစရာ မလိုတော့ဘူး။ အရင်ကတည်းက အလုပ်မရှိတော့တာ။ ဒီတော့မှန်တာကို ပြောရဲတယ်။ တင်ပြရဲတယ်။

အသက်ရှင်နေသရွေ့ လုပ်နိုင်သမျှလုပ်ကြဖို့

အသက်၆၀ ကျော်တွေ တဖြည်းဖြည်းများလာတာမို့ အနောက်နိုင်ငံတွေမှာ ငွေရောင်စီးပွားရေးလို့ခေါ်တဲ့ silver economy ကို အသိအမှတ်ပြုလာတယ်။ အသက်ကြီးတဲ့သူတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဘဝတွေမှာ ပိုပြီးလှုပ်ရှားနေကြတယ်။ တပည့်တွေကို စိတ်မလျှော့ဖို့အားပေးခဲ့တယ်။ အိုရမှာ၊ နာရမှာ၊ သေရမှာသိပေမယ့် အသက်ရှင်နေသရွေ့ ကိုယ်လုပ်နိုင်သမျှလုပ်ပြီး လူ့အသိုင်းအဝိုင်းမှာ အလုပ်အကျွေးပြုဖို့ အားပေးခဲ့တယ်။ ဒေါ်စိုးစိုးအောင်ကလည်း တိုတိုတုတ်တုတ်နဲ့ ဩဝါဒပေးခဲ့တယ်။ ကျေးဇူးတင်စကားပြောတဲ့ ဇနီးမောင်နှံကတော့ သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝအကြောင်းပြောကြားခဲ့တယ်။

ကန်တော့ပွဲအခမ်းအနားပြီးတော့ နေ့လယ်စာစားဖို့ စောစောက ဧည့်ခံခဲ့တဲ့ အခန်းထဲ ဆရာ ဆရာမတွေရွှေ့ခဲ့ ကြတယ်။ ကျွန်တော်က အခမ်းအနားပြီးပြီးချင်း စားပွဲပေါ်မှာ အဆင်သင့်ဖြစ်နေမယ်ထင်တာ။ ကျွန်တော်တို့ နေရာယူမှ စားပွဲခင်း ခင်းကြ၊ ပန်းကန်ခွက်ယောက်ကို ပြင်ဆင်ကြလုပ်နေတာ။ စားပွဲထိုး ကြည့်ရတာလည်း အေးအေးဆေးဆေးပဲ။ ကိုယ့်ဆရာ၊ ဆရာမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ကြည့်လိုက်တော့ အခြေအနေတွေက သိပ်မကောင်းဘူး။ အားလုံးက ဆာနေကြတာ။ ဒါနဲ့ တာဝန်ခံကျောင်းသား ကျောင်းသူတွေကို မြန်မြန်လုပ်ဖို့ သတိပေးခဲ့တယ်။ သူတို့ကလည်း အားနာနေတယ်။ မီးဖိုချောင်ထဲသွားပြီး နှိုးဆော်ကြတယ်။ နောက်ဆုံး အစားအသောက်တွေ ရောက်လာတော့ ကျွန်တော်က စားပွဲထိုးတွေကို အစားအသောက်တွေသာချ။ ငါကိုယ် တိုင်စားပွဲထိုးမယ်လို့ ပြောခဲ့တယ်။ ပြောတဲ့အတိုင်း ဆရာကြီး ဦးမြတ်သိန်း၊ ဆရာမ ဒေါ်ညွန့်ညွန့်ရင်၊ ဒေါက်တာ ခင်အုန်းသန်း၊ ဒေါ်စိုးစိုးအောင်၊ ဒေါ်ဆင်း၊ ဒေါ်ခင်ခင်သိန်းတို့ကို ကိုယ်တိုင်စားပွဲထိုးခဲ့တယ်။ ကုသိုလ်ရပါတယ်။ ကိုယ်လည်း စားရတယ်။ ကျွန်တော် စားပွဲထိုးတာမြင်ပြီး နောက်ဆောင်းပါးအတွက် ခေါင်းစဉ်ရပြီလို့ ဆရာမကသတိပေးခဲ့တယ်။ စားသောက်ပြီးတော့ ဆရာကြီးနဲ့ဆရာမကို သူတို့စီးမယ့် မော်တော်ယာဉ်အထိ လိုက်ပို့ခဲ့တယ်။

မေတ္တာတရားနဲ့ ကျန်ရှိချိန်တွေ ကုန်ဆုံးကြမယ်

ဒီနှစ်ကန်တော့ပွဲမှာ စားပွဲထိုးဖြစ်ခဲ့တာကို ဂုဏ်ယူမိတယ်။ ကိုယ့်ဆရာ၊ ဆရာမတွေကို အခုလို ပြုစုခွင့်ရတာကို ကျေးဇူးတင်ရပါတယ်။ တရားလည်း ရမိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက မငယ်တော့ဘူး။ ကျန်းမာရေး ချို့တဲ့နေကြပြီ။ တပည့်တွေမှာလည်း ဒီအတိုင်းပဲ။ အမှတ်တမဲ့ဖြစ်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားကို မျက်ဝါးထင်ထင် ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဆင်ခြင်ခွင့် ရခဲ့တယ်။ လူတွေဟာကံတရားကြောင့်၊ လုပ်ဆောင် မှုတွေကြောင့်လား။ တာထွက်တူပေမယ့် တာဝင်ခါနီးချိန်တွင် မတူညီကြဘူး။ ပုံစံအမျိုးမျိုး၊ အခြေအနေ အမျိုးမျိုး၊ အတန်းအတူတူတက်ကြခဲ့ပေမယ့် နှစ်ပေါင်း ၅၀ နီးချိန်မှာ မတူညီကြတော့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေလည်း အခုလိုပါပဲ။ တူညီတာက ထားရှိတဲ့သံယောဇဉ်၊ ရင်းနှီးမှု၊ သံဝေဂတွေရသလို အလိုလိုအသက်ငယ်သွားသလို ခံစားရပြန်ရော။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်ပြောင်းအမှတ်ရမိတာ။ ကျွန်တော်က နောင်နှစ်မှာ ပြန်ဆုံကြဖို့လည်း သတိပေးခဲ့တယ်။ ပြန်ဆုံရာမှာလည်း တာဝန်မကြီးစေချင်ဘူး။ အမှန်တော့ လက်အုပ်ချီပြီး ကန်တော့ရုံနဲ့ ကျေနပ်ရပါတယ်။ အကျွေးအမွေးဆိုရင်လည်း ပေါ့ပေါ့ပါးပါး ဖြစ်စေချင်တာ။ စေတနာနဲ့ပြုစုပေးတာကို အသိအမှတ်ပြုပါတယ်။ လက်ဆောင်ပစ္စည်းတွေ ပေးတာကိုလည်း ကျေးဇူးတင်မိတယ်။ ဒါပေမယ့် တာဝန်တော့ကြီးလှတယ်။ ဟိုတယ်စရိတ်ကလည်း မသေးလှဘူး။ ဒါကြောင့် တက္ကသိုလ်ဓမ္မာရုံမှာ ရေနွေးကြမ်းနဲ့ ဘူးသီးကြော်ကို ကျွေးစေချင်တာ။ ဒါက သူတို့ တာဝန်ပေါ့အောင် အဆင်ပြေတဲ့သူတွေ ရှိသလို အားထည့်ရမယ့်သူတွေ ရှိနေတော့ အားနာမိတယ်။

ဒါပေမယ့် သူတို့ရဲ့စေတနာက အတိုင်းမသိဆိုတော့ နောင်နှစ်မှာလည်း ဟိုတယ်မှာပဲ ဆုံဖြစ်မယ်လို့ ထင်ရတယ်။ နောင်နှစ်မှာ ရှိမရှိဆိုတာက ဘယ်သူမှ အတတ်မပြောနိုင်ဘူး။ အနိစ္စကို ကြိုတင်သိဖို့ မဖြစ်နိုင်တာ။ ဒါကြောင့်လည်း တွေ့တုန်းမှာ ရှိတုန်း တယောက်နဲ့တစ်ယောက် မေတ္တာထားကြပြီး နေတတ်ဖို့သာ၊ မေတ္တာတရားနဲ့ ကျန်ရှိတဲ့အချိန်တွေမှာ လှုပ်ရှားကြရမှာ ဖြစ်ပါတယ်။ တပည့်တွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ ဆရာ ဆရာမတွေပါ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ရှိကြပါစေလို့ မေတ္တာပို့ အပ်ပါတယ်။ ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်